ကောင်းနားကျေးရွာ၌ ကိုယ်ထူကိုယ်ထလုပ်အားဖြင့် ကျေးရွာလမ်းအား ပြုပြင်ခြင်းဆောင်ရွက်

မန့်ဟီးရိုး   ဩဂုတ် ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ ဖိုင်းကျောင်းကျေးရွာအုပ်စု၊ ကောင်းနား ကျေးရွာမှ မန့်ဟီးရိုးမြို့သို့ သွားလာရသော ကျေးရွာလမ်းအား ကိုယ်ထူကိုယ်ထ ပြုပြင်ခြင်းကို ယမန်နေ့တွင် ကျေးရွာသားများ၏ လုပ်အားဖြင့် ဆောင် ရွက်ခဲ့သည်။         

အဆိုပါလမ်းကျေးလက်လမ်းမပေါ်တွင် မော်တော်ယာဉ်များ၊ ထော်လာဂျီများနှင့် မော်တော်ဆိုင်ကယ်များ အများဆုံးဖြတ်သန်း မောင်းနှင်ကြရပြီး မိုးရာသီတွင် မိုးရေများသောကြောင့် ရေဝပ်ပြီး ချိုင့်ခွက်များ ဖြစ်ပေါ်ကာ ခရီးသွားပြည်သူများအနေဖြင့် ထိုချိုင့်ခွက်များကို ရှောင်ရှားကာ မောင်နှင်ရခြင်းများကြောင့် အချိန် ကြာမြင့်ခြင်း၊ ဆိုင်ကယ်များလဲခြင်းတို့ မကြာခဏ ဖြစ်ပေါ်နေသည့် လမ်းဖြစ်သည်။ ထိုသို့ ဖြစ်ပျက်နေခြင်းများကို နေ့စဉ်တွေ့မြင်နေရကြောင့် ဖိုင်ကျောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းရီဆာက ကောင်းနားကျေးရွာမှ ရပ်ရွာသမာဓိ လူကြီးများနှင့် ကျေးရွာ သားများအားစုဝေးကာ မိမိတို့ရွာ၏ ကျေးလက် လမ်းဖြစ်သောကြောင့် ကိုယ်ထူကိုယ်ထဖြင့် ဦးစွာပြင်ဆင်ကြရမှာဖြစ်လို့ စုပေါင်းပြင်ဆင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ရပ်ရွာမှ စုပေါင်း ထည့်ဝင်ငွေဖြင့် ကျောက် ၂ကျင်းပါ ကားတစ်စီး လျှင်ငွေကျပ် (၈၀၀၀၀/-)နှုန်းဖြင့် ကား(၄)စီးစာ ငွေကျပ် သုံးသိန်းနှစ်သောင်းဖိုး ဝယ်ယူကာ ပေ၁၂၀၀ရှည်သော လမ်းမအား ကျေးရွာသားများ၏ လုပ်အားဖြင့် ခင်းကျင်းပေးခဲ့ကြောင်းနှင့် အဆိုပါလမ်းသည် မန့်ဟီးရိုးမြို့သို့ ဆက်သွယ်သွားလာ နေကြရသော လမ်းဖြစ်ပြီး ဤလမ်းကောင်းမွန်ပါက ဒေသခံပြည်သူများ၊ ဒေသတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ အတွက် သွားလာရေးပိုမိုကောင်းမွန် လာမည်ဖြစ်ကြောင်း၊ ထိုကျေးလက်လမ်းသည် မိုးတွင်း ရောက်တိုင်း ပြုပြင်နေရပါသဖြင့် ကွန်ကရစ် ခင်းကျင်းပါက ပိုမိုလွယ်ကူစွာသွားလာနိုင်မည်ဖြစ်ပါသဖြင့် အလှူရှင်များရှိပါက မိမိတို့ ကျေးရွာမှ လုပ်အား စိုက်ထုတ်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းနှင့် လမ်းပြုပြင်နိုင်ရန်အတွက် လာရောက် လှူဒါန်းမည့် အလှူရှင်များကိုလည်း များစွာမျှော်လင့်လျက်ရှိပါကြောင်း သိရသည်။        

စန္ဒာ(ပြန်/ဆက်)