ကော့မှူး ဩဂုတ် ၃၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး အတွက် ယနေ့နံနက်က လူစည်ကားရာ နေရာများဖြစ်သော ဈေးနှင့် လမ်းဆုံလမ်းခွများတွင် နှာခေါင်းစည်း Mask မတပ်ဆင်သူများအား စစ်ဆေး ဆောင်ရွက်နေကြောင်းသိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ကားများ၊ ဆိုင်ကယ်များ၊ လမ်းသွားလမ်းလာများတွင် နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ ဖြတ်သန်းသွားလာပါက ယခုဝယ် ယခုတပ် အစီအစဉ်ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။
ကော့မှူးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နေအိမ် ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အကျင့်ရရှိစေရန် စဉ်ဆက်မပျက် အရှိန်အဟုန်မြှင့် စစ်ဆေး ဆောင်ရွက် နေကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)