ဒုတိယအကြိမ် COVID-19 Loan (Stimulus Package) ချေးငွေလျှောက်ထားသူ ၂၀၀ ကျော် ပိုများလာ

မန္တလေး ဩဂုတ်   ၃၁

ကိုဗစ် − ၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံတော် အစိုးရ၏ အတိုးနှုန်းသက်သာသည့် ချေးငွေ - ဒုတိယအကြိမ် COVID-19 Loan (Stimulus Package) လျှောက်ထားသူ ၂၀၀ကျော်တိုးလာကြောင်း မန္တလေး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ သိရသည်။

"COVID – 19 Fund ကနေ ဒုတိယအကြိမ်မြောက် ချေးငွေလျှောက်ထားလာတဲ့အထဲမှာ မန္တလေးတိုင်းအနေနဲ့ လျှောက်ထားလာသူ ယခင်ထက်ပိုများလာတယ်၊ ဒီတစ်ခေါက်တော့ အဓိက လုပ်ငန်း ၉ ခုကို ချေးငွေချပေးတာ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ ရေထွက်ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်း တွေ၊ ပြည်ပတင်ပို့တဲ့လုပ်ငန်းတွေ၊ သွင်းကုန်အစားထိုးတဲ့ လုပ်ငန်းတွေ၊ Supply Change လုပ်ငန်း တွေ၊ စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းတွေ၊ အလုပ်အကိုင်ဝန်ဆောင်မှု ပေးတဲ့လုပ်ငန်းတွေနဲ့ အသက် မွေးဝမ်းကြောင်းပညာတွေလုပ်ငန်း ၉ ခုကို ဦးစားပေးချပေးမယ်ဆိုပြီး လျှောက်ထားလာတဲ့ လုပ်ငန်းရှင် ၆၄၈ ဦးရှိတယ်၊ ဒီတစ်ခေါက် ဦးရေ ၂၀၀ ကျော်လောက် များပြီးတော့ လျှောက်ထားတာ တွေ့ရပါတယ်" ဟု မန္တလေး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးဥက္ကာကျော်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ချေးငွေလျှောက်ထားမှု အများဆုံးလုပ်ငန်းများတွင် ပထမအများဆုံး လုပ်ငန်းမှာ စားသောက်ကုန်ထုတ်လုပ်သော လုပ်ငန်းဖြစ်ပြီး လျှောက်ထားသူ ၂၃၉ ဦးရှိကြောင်း၊ ဒုတိယအများဆုံးလုပ်ငန်းမှာ Supply Change နှင့်ဆက်စပ်မှုရှိသော လုပ်ငန်းများဖြစ်ပြီး လျှောက်ထားသူ ၁၆၀ ဦး ရှိကြောင်း၊ တတိယအများဆုံးလုပ်ငန်းမှာ သွင်းကုန်အစားထိုး လုပ်ငန်း များဖြစ်ပြီး လျှောက်ထားသူ ၁၃၈ ခုရှိကြောင်း သိရသည်။

"မန္တလေးတိုင်း ကုန်သည်ကြီးအသင်းမှာ လျှောက်ထားလာတဲ့ လျှောက်လွှာတွေကို တစ်နေ့စာ တစ်နေ့ အမြန်ချောပို့နဲ့ Hard Copy တွေ လျှောက်ထားတဲ့လျှောက်လွှာဖောင်တွေ ပူးပေါင်းအဖွဲ့ တွေနဲ့စစ်ဆေးပြီး ပို့ပေးတယ်၊ UMFCCI မှာ ပဏာမစစ်ဆေးနေတယ်ဆိုတာကို သိရပါတယ်၊ ၃ သုတ်ခွဲပြီးတော့မှ ချေးငွေတွေ ချပေးမယ်လို့ ပြောပါတယ်၊ ပြီးခဲ့တဲ့တစ်ခေါက်ကလည်း တင်ပြီးလို့ ရှိရင် တစ်လဝန်းကျင်အတွင်းမှာ ဘယ်လုပ်ငန်းရှင်တွေ ရတယ်ဆိုတာကို ပြန်လည်ပြီး စိစစ်ရွေးချယ် ရေးအဖွဲ့က ထုတ်ပြန်ကြေညာပေးပါတယ်" ဟု ၎င်းကဆက်ပြောသည်။

ယခုအကြိမ်တွင် ချေးငွေ ထောက်ပံ့ပေးသွားမည့် ပမာဏမှာ ဘီလီယံ ၁၀၀ ဖြစ်ပြီး ပထမအကြိမ် တွင် ၃၅ ဘီလီယံ၊ ဒုတိယအကြိမ်တွင် ၃၅ ဘီလီယံ၊ တတိယအကြိမ်တွင် ၃၀ ဘီလီယံ ချပေးမည် ဖြစ်ကြောင်း၊ ပထမအကြိမ် COVID-19 Loan (Stimulus Package) ချေးငွေလျှောက်ထားသူ ၄၁၇ ဦးလျှောက်ထားခဲ့ရာ ချေးငွေရရှိသူ ၃၅၇ ဦးရရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၈၅.၅ ရာခိုင်နှုန်းရာ ချေးငွေ ပမာဏ အားဖြင့်ဆိုလျှင် ၉.၄၉၁ ဘီလီယံရရှိခဲ့ကြောင်း မန္တလေး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ သိရသည်။

ထိပ်ထားနိုင်