မိုင်းပန်မြို့၌ နေအိမ်မှ ပြင်ပသို့ ထွက်ခွာရာတွင် နှာခေါင်းစည်း မတပ်ဆင်ပါက "ယခုဝယ်၊ ယခုတပ်" စနစ်ဖြင့် အသိပညာပေးဆောင်ရွက်

မိုင်းပန်      ဩဂုတ်             ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရန်နှင့် ကူးစပ်မှုမရှိစေရေးအတွက် နေအိမ်မှ ပြင်ပသို့ထွက်ခွာသူများအနေဖြင့်  နှာခေါင်းစည်း (Mask) မတပ်ဆင်လာပါက "ယခုဝယ်၊ ယခုတပ်" စနစ်ဖြင့် အသိပညာပေးခြင်းကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မဖြစ်မနေ နေအိမ်ပြင်ပသို့ သွားလာရမည် ဆိုပါက ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များကို တပ်ဆင်ကြရမည်ဖြစ်ပြီး နှာခေါင်း စည်း (Mask) မတပ်ဆင်ဘဲ နေအိမ်ပြင်ပသို့ သွားလာသူများကို ယမန်နေ့မှ စတင်၍ "ယခုဝယ်၊ ယခုတပ်" စနစ်ဖြင့် တစ်ဦးလျှင် Mask (၂) ခုဝယ်ယူစေခဲ့ခြင်းဖြင့် အသိ ပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ နှာခေါင်းစည်း (Mask) တပ်ဆင်ရေးဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ ‌ပညာရေး ၀န်ထမ်းများ၊ စေတနာ့ ၀န်ထမ်းများနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ လူအသွား အလာများသည့် မိုင်းပန်-ကျိုင်းတောင်းသွား လမ်းဆုံနှင့် မိုင်းပန်-တာဆန်းသွား လမ်းဆုံ နေရာများတွင် စောင့်ကြပ်၍ ဆောင်ရွက်ခဲ့ပြီး နောင်ရက်များတွင်လည်း ထိုကဲ့သို့ ရှောင်တခင် စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဆန်းမြင့်(ပြန်/ဆက်)