ကွတ်ခိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကွတ်ခိုင် ဩဂုတ် ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ကျန်းမာရေး ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းပူးပေါင်း၍ ကွတ်ခိုင်မြို့ အဝင်/ထွက်နေရာတို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးမှုများ၊ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းတို့ကို ယနေ့ နံနက်ပိုင်းက အရှိန်အဟုန်မြှင့် ပြုလုပ်ဆောင်ရွက် လျက်ရှိသည်။

“ကွတ်ခိုင်မြို့အတွင်းထဲ ဝင်/ထွက်သွားလာတဲ့ အနယ်နယ်အရပ်ရပ်က ခရီးသွားပြည်သူတွေကို စာရင်း ကောက်ယူ တယ်၊ ကိုဗစ်-၁၉ရောဂါနဲ့ ပတ်သတ်တဲ့ အသိပညာ‌ ဗဟုသုတတွေ အသိပေး တယ်၊ ကျန်းမာရေး အ‌ထောက်အကူပြု နှာခေါင်းစည်း မရှိတဲ့သူတွေကို အခမဲ့ဖြန့်ဝေပေးတယ်၊ ခရီးသွားတွေထဲက သာမန်ထက် ကိုယ်အပူချိန် မြင့်တက်တဲ့ သူရှိရင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်နဲ့ အညီ ပြည်သူ့ဆေးရုံမှာ ကျန်းမာရေး တာဝန် ရှိသူတွေက လုပ်ဆောင်သွားမယ်"ဟု ကွတ်ခိုင်မြို့အဝင် တိုးဂိတ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်‌ရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်သည့် တာဝန်ရှိသူတစ်ဦးကပြောသည်။

ကွတ်ခိုင်မြို့အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်‌ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်း များနှင့်လူမှုရေး ပရဟိတ အသင်းအဖွဲ့များက မြို့အတွင်းဝင်/ထွက် သွားလာသော ပြည်သူများအား အပြင်ထွက်သည့် အခါတိုင်း နှာခေါင်းစည်းများတပ်ဆင်ရန်၊ မလိုအပ်လျှင် အပြင်မထွက်ကြရန်နှင့် လူစုလူဝေး နေရာများသို့ မသွားရန် အစရှိသည့် ကြိုတင် ကာကွယ်ရေးအသိပညာပေးခြင်းတို့ကို အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကိုမိုင်း(ပြန်/ဆက်)