မော်လမြိုင် မတ် ၂၂
မွန်ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါး သုံးစွဲမှုမရှိစေရေးနှင့် ရောင်း၀ယ်ဖောက်ကားမှုမရှိစေရေး၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာများ ပျက်စီးယိုယွင်းမှုမရှိစေရေးကို အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိရာ ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည့် အဖွဲအစည်းအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းတက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများ သုံးစွဲမှုမရှိစေရေး၊ ရောင်းချမှုမရှိစေရေး၊ ဒေသအတွင်း မူးယစ်စေတတ်သည့် ဆေးနှင့် ဆေးဝါးများအား ကုန်သွယ်စီးဆင်းမှု မရှိစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် ပြည်သူများအနေဖြင့်လည်း တာဝန်သိသိ၊ တာဝန်ရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးက မူးယစ်တပ်ဖွဲ့စုဖွဲ့ ဖွဲ့စည်းထားရှိမှု အခြေအနေများ အားရှင်းလင်းတင်ပြပြီး၊ မူးယစ်တပ်ဖွဲ့ခွဲ တာ၀န်ရှိသူတစ်ဦးက မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု အခြေအနေများအား ဆက်လက်ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးတပ်ဖွဲ့ခွဲအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်ပြန်/ဆက်