ဟိုပုံး မတ် ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် အောင်မြင်မှုများ ယခုထက်ပိုမိုရရှိစေရေး၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားမာန် အပြည့်ရှိ ပြီး ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမား လူငယ်များ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေး၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ နွေရာသီ အားလပ်ရက်များတွင် အခြေခံအားကစားသင်တန်းများကိုတက်ရောက်ခြင်းဖြင့် အားကစားကိုပိုမိုစိတ်ပါဝင် စားလာ စေရန်အတွက် နွေရာသီအခြေခံအားကစားသင်တန်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် ဘောလုံးအားကစားနည်းကို ကုလားကုန်းဘောလုံးကွင်းတွင် လည်းကောင်း၊ ဘော်လီဘောနှင့် ပြေးခုန်ပစ်အားကစားနည်းကို တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းရှိ အားကစားကွင်းတွင်လည်းကောင်း၊ စားပွဲတင်တင်းနစ်အားကစားနည်းကို မြို့နယ်ပညာရေးမှူးရုံးခန်းမတွင်လည်းကောင်း၊ မြန်မာ့သိုင်း၊ စစ်တုရင်နှင့် ရိုးရာခြင်းလုံး အားကစားနည်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံးတွင် လည်း ကောင်း၊ Fitness dance အားကစားနည်းကို အခြေခံပညာမူလတန်းကျောင်း အ.မ.က (၁)တွင် လည်းကောင်း၊ အေရိုးဗစ်အားကစားနည်းကို အခြေခံပညာမူလတန်းလွန်ကျောင်း အ.မ.က (၃)တွင် လည်းကောင်း အားကစားနည်းများကို ကျွမ်းကျင်သောနည်းပြများဖြင့် မတ်လ (၂၅)ရက်နေ့မှ ဧပြီလ (၇) ရက်နေ့အထိ အခမဲ့ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ လေ့ကျင့်သင်ကြားပေးမည့် တာဝန်ခံ သင်တန်းနည်းပြများ၏ ဖုန်းနံပတ်၊ သင်တန်း ဖွင့်လှစ်မည့်နေရာ၊ ဆက်သွယ်ရန်ဖုန်း၊ ဖွင့်လှစ်မည့် အချိန်ဇယားအား သင်တန်းတက်ရောက်လိုသူများအနေဖြင့် သက်ဆိုင်ရာနည်းပြများထံတွင်လည်းကောင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတွင်လည်းကောင်း၊ အခမဲ့ သင်တန်းတက်ရောက်နိုင်ကြောင်းသိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)