ငါ့သရောက် မတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် နွေရာသီရောက်ရှိလာသည်နှင့် အမျှ အပူဒဏ်ခံနိုင်ရန်အတွက် ထန်းရွက်အမိုးများအသုံပြုလာကြ၍ ထန်းလုပ်ငန်းလုပ်ကိုင် ကြသူများဟာ ထန်းရွက်ခုတ်ရောင်းခြင်း၊ ထန်းလျှော်များပြုလုပ်ရောင်းချလျက်ရှိရာ ထန်းလုပ်ငန်းလုပ်ကိုင်သူများ နေ့စဉ်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ငါ့သရောက်မြို့ဟာ မြန်မာပြည်အလယ်ပိုင်းဖြစ်သည့်အားလျော်စွာ နွေရာသီ ရောက်ရှိလာ သည်နှင့်အမျှ အလွန်ပူပြင်းလာပြီး ကျေးလက်နေပြည်သူအများစုဟာ ထန်းရွက်အမိုးဖြင့် အဆောက်အဦးတို့ကိုမိုးကာ နေထိုင်ကြသည်။ သွပ်အမိုးအကာနှင်စာလျင်း ထန်းရွက်အမိုး တို့သည် အပူဒဏ်ကိုကာကွယ်ပေးပြီးနေရသည် မှာအဆင်ပြေလျက်ရှိသည်။ ထိုကြောင့် ယခုလိုနွေရာသီ ရောက်ရှိလာလျှင်ထန်းရွက်များဝယ်ခြင်း၊ အမိုးအကာတို့ချည်နှောင်ရန် ထန်းလျော်များဝယ်ခြင်းစသည်ပြုလုပ်လာကာ ထန်းရွက်ခုတ်ရောင်းချသူများမှာ ထန်းရွက် တစ်ရွက်လျှင် (၁၅၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ ထန်းလျှော်အချောင်းရေ (၁၀၀)တစ်စည်းကို (၁၂၀၀)ကျပ်နှုန်းဖြင့်လည်းကောင်းရရှိကာ တစ်နေ့လျှင်ထန်းရွက်အရွက်ရေ (၃၀၀) မှ ထန်းလျှော်အစည်းရေ (၅၀) အထိရောင်းချရပြီး တစ်နေ့ဝင်ငွေ (၅၀၀၀၀) ကျပ်အထိ ရရှိကာ ထန်းလုပ်ကိုင်ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။
ဖြိုးဝေ(ပြန်/ဆက်)