တံတားဦး ဩဂုတ် ၃၁
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ထန်းပေါက်ကုန်းကျေးရွာအုပ်စု မိတ္ထီလာလေး ကျေးရွာတွင် သန့်ရှင်းသောသောက်သုံးရေ ရရှိရေးရည်ရွယ်ချက်ဖြင့် စက်ရေတွင်းတူးဖော်ခြင်း ရေစက်ရုံ တည်ဆောက်ခြင်းနှင့် ရေဂါလံ(၂၄၀၀)ဆံ့ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏအောင်နှင့် မြို့နယ်တည်ဆောက်ရေးအဖွဲ့မှ ကော်မတီဝင်များသည် ယနေ့နံနက်(၁၀) နာရီက ကွင်းဆင်း စစ်ဆေးကြကြောင်း သိရသည်။
တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ဘဏ္ဍာ နှစ်အလိုက် ဆောင်ရွက်ပေးသည့် အပြင်ကျေးရွာချင်းဆက်လမ်းများ၊ ကုန်ထုတ်လမ်းများ၊ ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်းခင်း လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ယခုတူးဖော်ပေးသည့် မိတ္ထီလာ လေးကျေးရွာ စက်ရေတွင်းသည် အနက်ပေ (၃၉၀)ရှိပြီး ၄ လက်မအဝီစိစက်ရေတွင်း တူးဖော်ခြင်း နှင့်၊ ရေဂါလံ(၂၄၀၀)ဆံ့ အလျား(၁၀)ပေ အနံ(၈)ပေ၊ အမြင့်(၈)ပေရှိ ရေစက်ရုံတစ်ရုံ တည်ဆောက် ခြင်းတို့ကို ယခုနှစ် ဖေဖော်ဝါရီလအတွင်းက စတင်ဆောင်ရွက်ခဲ့ရာယခုအခါ လုပ်ငန်းများလုံး ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
ထို့အပြင် မိတ္ထီလာလေး ကျေးရွာသူ/သားများအနေဖြင့် ရေကိုအလွယ်ကူ သုံးစွဲနိုင်ပြီဖြစ်ပြီး ကုန်ကျ ငွေအားဖြင့် ငွေကျပ်သန်းပေါင်း(၁၇.၆၄၄)ဖြစ်ကြောင်း တံတားဦးမြို့နယ်အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးလက်ရေရရှိရေးလုပ်ငန်း(၆)ရွာ ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးက ပြောကြားခဲ့ကြောင်း သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)