အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

ရန်ကုန် ဩဂုတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မြို့နယ်ခန်းမ တွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ကော်မတီ၏ နာယကများဖြစ်သော လွှတ်တော်ကိုယ်စား လှယ်များက ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ညွှန့်ကြားချက်များနှင့်အညီ အလေးထားပြီး မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ မြို့နယ်နေပြည်သူများ ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ရောဂါပိုးကူးစက်မှုကို ရပ်တန့် သွားမည်ဟု ယုံကြည်ပါကြောင်း၊ မြို့နယ်နေ ပြည်သူများအနေဖြင့်လည်း စိုးရိမ်ပူပန်မှု မဖြစ်ကြဘဲ၊ ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် များအတိုင်း အလေးထားဆောင်ရွက်ကြရန် သက်ဆိုင်ရာဌာနများရှိ တာဝန်ရှိသူများမှ စဉ်ဆက် မပြတ် အသိပညာပေး နှိုးဆော်ဆောင်ရွက်ပေးကြရန် စသည်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အဆင့်ဌာနများမှ တာဝန်ရှိသူများက လွှတ်တော်ကိုယ်စားလှယ်များ၏ လမ်းညွှန်ဆွေးနွေးချက်များအား မြို့နယ် ၏ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သတ်သည့် လုပ်ဆောင်မှုများကို အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်လျက်ရှိကြောင်း ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး ဆက်လက်၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကိုလည်း တင်ပြဆွေးနွေးခဲ့ပြီးနောက် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးမောင်မောင်ဦးက မြို့နယ်နေ ပြည်သူများ၏ ကျန်းမာရေးမှအစ မြို့နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ချက် များတွင် လွှတ်တော် ကိုယ်စား လှယ်များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဌာနဆိုင်ရာများမှ တာဝန်ရှိသူများကို အထူးပင် ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးသို့ အင်းစိန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး (၂)လွှတ်တော်ကိုယ်စား လှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်နှင့် ကော်မတီဝင် မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)