မိုင်းကိုင်မြို့၏ ရှေးဟောင်းမြေမြို့ရိုးနှင့် ထိန်းသိမ်းအပ်သည့် သမိုင်းအမွေအနှစ်များ

မိုင်းကိုင် မတ် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်ဟာ သမိုင်းအထောက်အထားများအရ ကောဇာသက္ကရာဇ် ၁၀၆ ခု၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ခန့်က နမ့်နှိပ်ရွာ အမည်နဲ့ ရှမ်းလူမျိုးတွေ အစပြုနေထိုင်ခဲ့ရာက ကျေးရွာတွေ တိုးပွားလာပြီး ဝိင်းငင်း၊ ဝိင်းခမ်း၊ ဝိင်းလိုင်၊ ဝိင်းပိုင်း စတဲ့အမည်နာမတွေနဲ့ မြို့အဖြစ်ကို ပြောင်းလဲ ပေါ်ပေါက်လာတဲ့ ရှေးဟောင်း မြို့တစ်မြို့ပဲ ဖြစ်ပါတယ်။

ရှေးအကျဆုံးကတော့ ကောဇာသက္ကရာဇ် ၃၉၄ ခုနှစ်မှာ ဝိင်းငင်း(ငွေမြို့)နဲ့ ၆၅၄ ခုနှစ်မှာ ဝိင်းခမ်း(ရွှေမြို့) ဆိုပြီးတော့ မြေမြို့ရိုးအဝန်းအဝိုင်းတွေနဲ့  စတည်ထောင်ခဲ့တဲ့ မြို့ဖြစ်ပါတယ်..  ဝိင်းငင်း(ငွေမြို့) ဟာ ယခုအခါမှာတော့ ဟိုနားကျေးရွာအုပ်စုထဲက ကျေးရွာတစ်ရွာအဖြစ်  ကျန်ရှိနေဆဲဖြစ်ပါတယ်..  ဝိင်းခမ်း(ရွှေမြို့)ဆိုတဲ့ အမည်ကတော့ ဆက်လက်ခေါ်ဝေါ်ခြင်း  မရှိတော့ပဲနဲ့  လက်ရှိမှာတော့ အမှတ်(၅)ရပ်ကွက်၊ နမ့်ကုချောင်းရဲ့မြောက်ဘက်၊ အ.လ.က(ပန်ကတ်) ကျောင်းအနီး တဝိုက်၊ ရွှေမြင်ထင်မွေတော်ဘုရား အနောက်ဘက် (ယခုချယ်ရီပင်တွေ စိုက်ပျိုးထားသော ကုန်းမြေ နေရာ)၊ နမ့်တိန်းချောင်းရဲ့ တဖက်ကမ်း လယ်ကွင်းတွေရဲ့အလယ်မှာ ရှိနေတဲ့ မြေကုန်းတန်းတွေ စတဲ့ မြေမြို့ရိုးအဝန်းအဝိုင်းအချို့ကိုသာ ဝိန်းခမ်း (ရွှေမြို့)ဆိုတဲ့ အမှတ်သင်္ဂတများအဖြစ် အထင်အရှား ကျန်ရှိတွေ့မြင်ရတော့မှာပဲ ဖြစ်ပါတယ်။

ကောဇာသက္ကရာဇ် ၆၈၄  ခုနှစ် မှာ "ဝိင်းလိုင်" လို့ခေါ်တဲ့ (ဆင်ခြေဖုန်းမြောက်ကျေးရွာအုပ်စု) ကို တည်ထောင်ခဲ့ပြီး အခုထိတိုင် မြေမြို့ရိုးဟောင်းနေရာ အနည်းငယ်စီကို ကျန်ရှိတွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

ကောဇာသက္ကရာဇ် ၉၆၂ ခုနှစ်မှာ ရေတွင်း ၄ တွင်း၊ ရေကန် ၇ ကန်နှင့် ရပ်ကွက် ၁၂ ရပ်ကွက်တို့ကို  တည်ထောင်လာခဲ့တယ်လို့ သမိုင်းအထောက်အထားများအရ သိရှိရပါတယ်..  ရေတွင်းတွေကတော့ နမ့်မော်ဆောင်စိုင်၊ နမ့်မော်အိုင်လား၊ နမ့်မော်တုန်တန်၊ နမ့်မော်ဟိုခိုဖတ်နောင်(ခေါ်)နန်းမော်ခမ်းဆွဲ့ တို့ဖြစ်ပြီး၊ ရေကန်တွေကတော့ နောင်မိုလိုင်၊ နောင်ပုံငို့၊ နောင်ယေး၊ နောင်စမ်ကား ၊ နောင်ခေးနမ်း၊ နောင်တုန်တန်၊ နောင်မိုလုံလုံ(ယခုအခါ ကျောင်းခမ်းကန်) တို့ပဲ ဖြစ်ပါတယ်။

သက္ကရာဇ် ၁၀၆၀ ခုနှစ်မှာ  ကျူးကျော်လာတဲ့ တရုတ်စစ်တပ်ကို  အောင်နိုင်တဲ့ အထိမ်းအမှတ်နဲ့  ဝေဘုံလ/ရွှေဘုံသာ (ကောင်းမူးဖီလာ) ဆိုတဲ့စေတီတော်ကို တည်ထားခဲ့ပါတယ်.. အဲဒီစေတီတော် ကတော့ ယခုအခါ မြို့လယ်ဓမ္မာရုံ အဝန်းအဝိုင်းမှာရှိတဲ့ စေတီတော်ပဲ ဖြစ်ပါတယ်။

သက္ကရာဇ် ၁၀၆၈ ခုနှစ်မှာ ရွှေဘုံကျော်လို့ခေါ်တဲ့ (မြို့နာမ်စေတီ)နဲ့ စော်ဘွားကန် မြောက်ဘက်မှာ  ကောင်းမူးဖတ်နောင် စေတီတော်ကို တည်ထားခဲ့ပါတယ်… မြို့နာမ်စေတီကို အခုထိတိုင် ဖူးတွေ့နိုင်ပေမယ့် ကောင်းမူးဖတ်နောင်စေတီကတော့ (စေတီတော်ပေါ်ကို ညောင်ပင်ကြီး ပေါက်ရောက်နေတာ ဖြစ်တဲ့အတွက် စေတီတော်ရဲ့ အုတ်ချပ်အနည်းငယ်သာ မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်… ညောင်ပင်ကြီးပေါက်ရောက်နေတဲ့အတွက် ယခုခေတ် ရှမ်းအခေါ်အဝေါ်အရ ကောင်းမူးရွဲလို့ ခေါ်ဆိုနေကြတဲ့  နေရာပဲဖြစ်ပါတယ်။

မိုင်းကိုင်မြို့မှာ သီရိဓမ္မာသောကမင်းကြီး လက်ထက်က တူးဖော်လှူဒါန်းခဲ့တဲ့ ရှေးဟောင်းရေတွင်းတွေ အပြင်  ခေတ်အဆက်ဆက် က ရှမ်းစော်ဘွားတွေ ဆက်လက်တူးဖော်လှူဒါန်းထားတဲ့ ရေတွင်းများစွာ ရှိပါတယ်… အဲဒီရေတွင်းတွေကတော့ သမိုင်းမှတ်တမ်းတွေအရ နမ့်မော်အိုင်လား၊ နမ့်မော်ဝစ်၊ နမ့်မော်ဆောင်စိုင်၊ နမ့်မော်အောပ်၊ နမ့်မော်လက်ဝိုး၊ နမ့်မော်ဖိတ်၊ နမ့်မော်ဆွမ်၊ နမ့်မော်ကွေ့၊ နမ့်မော်စန့်၊ နမ့်မော်ဆေ စသည့် ရှေးဟောင်းရေတွင်း ၁၁ တွင်းပဲ ဖြစ်ပါတယ်။

ရှေးယခင်က နွေရာသီကာလ ယခုလိုရေရှားပါးတဲ့ အချိန်မျိုးတွေမှာ  ရှေးဟောင်းရေတွင်းတွေကိုသာ   သောက်ရေသုံးရေအတွက် အားထားအသုံးပြုခဲ့ကြတာပဲ ဖြစ်ပါတယ်…. ယခုအခါမှာတော့  ရှေးဟောင်း ရေတွင်းထဲက သုံးလို့ရတဲ့ ရေတွင်းတွေရှိသလို ပြိုကျပျက်စီးတော့မယ့် အသုံးမပြုနိုင်တော့ပဲ   သမိုင်းဝင်ရေတွင်း အသွင်သဏ္ဍာန် ပျောက်ကွယ် လုနီးပါး ဖြစ်နေတဲ့ ရေတွင်းတွေလည်း ရှိနေပြီ ဖြစ်ပါတယ်။

ဒါကြောင့် ယခုခေတ် လူငယ်လူရွယ်များအနေနဲ့ မိုင်းကိုင်မြို့ရဲ့ ရှေးဟောင်းမြေမြို့ရိုးကြီး၊ သမိုင်းဝင် ရှေးဟောင်းရေတွင်းများ၊ သမိုင်းဝင်အမွေအနစ်များ အကြောင်းကို တန်ဖိုးထားကာ သိရှိနားလည်ကြ စေရန်နဲ့ ထိန်းသိမ်း တတ်ကြစေဖို့ မိုင်းကိုင်မြို့ရဲ့ ရှေးဟောင်းမြေမြို့ရိုးနဲ့ သမိုင်းဝင်အမွေအနှစ်  အထောက်အထားအချို့ကို ထုတ်ဖော်ရေးသား တင်ပြလိုက်ရပါတယ်။

ချော(မိုင်းကိုင်)