ဒဂုံမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနမှ 200KVA ထရမ်စဖော်မာ(၂)လုံး တိုးချဲ့ တပ်ဆင်ပေးပြီး ပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုပြည့်ဝစွာ သုံးစွဲနိုင်

ဒဂုံ ဩဂုတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနမှ ယောမင်းကြီးရပ်ကွက် ဗိုလ်ရာ ညွန့်လမ်းနှင့် ယောမင်းကြီး လမ်းတို့၌ ပြည်သူများ မိုးရာသီကာလများတွင် ဖြစ်ပေါ်တတ်သော လျှပ်စစ် အန္တရာယ် ကင်းရှင်းစေရေးနှင့်  မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် 200 KVA ထရမ်စဖော်မာ(၂)လုံး တိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မျိုး၏ ကြီးကြပ်မှုဖြင့်  ဝန်ထမ်းများက ဩဂုတ်(၂၈)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ  ယမန်နေ့ နံနက် ၁၁ နာရီခွဲက ပြည်သူ များသို့ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရန် ဓာတ်အားပို့လွှတ်ပေးပြီးဖြစ်ကြောင်း သိရသည်။

ယင်းသို့တိုးချဲ့ တပ်ဆင်ပေးခြင်းသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရပ်ကွက်အတွင်း နေပြည်သူများ လျှပ်စစ် ဓာတ်အားပြည့်ဝ တည်ငြိမ်စွာ အသုံးပြုနိုင်ရန်နှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန် ဆောင်ရွက် ပေးခြင်းဖြစ်ပြီး 200KVA ထရမ်စဖော်မာ တစ်လုံး အတွက် မီတာအလုံးရေ (၂၀) ခန့် ဗို့အားပြည့်ဝစွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)