သီပေါမြို့နယ်တွင် မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်

သီပေါ   သြဂုတ်  ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး စိုက်ပျိုးရာသီတွင် ကိုဗစ်−၁၉ ကာလ စီးပွားရေးကုစားမှု COVID-19 Economic Relief Plan  အရ ဆောင်ရွက်သောမိုးစပါး (RS-CS) မျိုးစေ့ထုတ်တောင်သူများအား မျိုးကွဲပယ်စရိတ်နှင့် မျိုးစေ့သန့်စင် စရိတ်ထောက်ပံ့ငွေများပေးအပ်ခြင်းကို မန်ဟဲကျေးရွာအုပ်စု ဘက်စုံနည်းပညာသုံး စံပြကျေးရွာဖြစ်သည့် နားခဲကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်း က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦး က မျိုးကွဲပယ်စရိတ်နှင့် မျိုးစေ့သန့်စင် စရိတ်ထောက်ပံ့ငွေများ ပေးအပ်ရခြင်းရည်ရွယ်ချက်များကို ပြောကြားရာတွင် ကိုဗစ်−၁၉ ကာလ၌ မျိုးစေ့ထုတ် တောင်သူများအနေဖြင့် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍမှာ နည်းပညာအားဖြင့်သော်လည်းကောင်း၊ ငွေအားဖြင့် သော်လည်းကောင်း အခက်အခဲမရှိစေရန်နှင့် လာမည့်နှစ်များတွင် နွေစပါး/ မိုးစပါး မျိုးကောင်းမျိုးသန့်များ ဆက်လက်ပွားများ ထုတ်လုပ်နိုင်စေရန် ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်မှ (CERP)အရ ထောက်ပံ့သော မျိုးစေ့ထုတ်တောင်သူများအား မျိုးကွဲပယ်စရိတ်နှင့် မျိုးစေ့သန့်စင်စရိတ် ထောက်ပံ့ငွေများကို သီပေါမြို့နယ် ဘက်စုံသုံး နည်းပညာစံပြ ကျေးရွာဖြစ်သည့် နားခဲ ကျေးရွာတွင် တောင်သူ(၁၀)ဦးအား တစ်ဧကလျှင်ငွေကျပ် ၆၅၀၀၀ နှုန်းဖြင့် ဧက(၂၅)အတွက် ၁၆ သိန်း နှစ်သောင်းခွဲကို  ထောက်ပံ့ပေးအပ်ရာ မျိုးစေ့ထုတ်တောင်သူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)