သုံးခွ မတ် ၁၈
(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် သောက်သုံးရေကူဖြည့်တင်းခြင်း လုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲအချိန် က နံယောရေထိန်းတံခါးအနီးတွင် ကျင်းပခဲ့သည်။
ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်တင်မှ သုံးခွမြို့သောက်သုံးရေ ဖူလုံရေး ရေကူဖြည့်တင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေအား ရှင်းလင်းတင်ပြရာတွင် သုံးခွမြို့အနေနဲ့ မြေအောက်ရေရယူသုံးစွဲနိုင်မှု မရှိတဲ့အတွက် ဒေသခံပြည်သူများဟာ မြေသားမိုးရေ လှောင်ကန်များတူးဖော်ပြီး သောက်သုံးရေကို သုံးစွဲနေရတာဖြစ်ပါကြောင်း၊ သုံးခွမြို့ပေါ်ရပ်ကွက် (၁၂) ရပ်ကွက်မှာ မြေသားမိုးရေကန် (၅၈)ကန်ရှိသော်လည်း (၂၀၁၂)ခုနှစ် နောက်ပိုင်းမှစတင်ပြီး မိုးရွာသွန်းမှုနည်းပါးခြင်း ရာသီဥတု ပိုမိုပူပြင်းလာခြင်းနှင့် လူဦးရေတိုးပွားလာခြင်းများကြောင့် နှစ်စဉ်နွေရာသီကာလဖြစ်တဲ့ ဧပြီလနှင့် မေလများမှာ သောက်သုံးရေပြတ်လပ်မှု အခက်အခဲကို နှစ်စဉ်ကြုံတွေ့နေရသည့်အတွက်ကြောင့် သုံးခွမြို့သူ/သားများ သောက်သုံးရေပြတ်လပ်တဲ့ လူမှုဒုက္ခအခက်အခဲကို ဖြေရှင်းပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ကြီးကြပ်မှုဖြင့် ခရမ်းချောင်းရေကို အမှတ် (၂)ရပ်ကွက်မှာရှိတဲ့ (၃၁) ဧကမိုးရေကန်သို့ ရေကူဖြည့်တင်းခြင်းလုပ်ငန်းကို အကောင်ထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ယနေ့ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။
ရေကူဖြည့်တင်းခြင်းလုပ်ငန်းဖွင့်ပွဲကို ဆက်လက်ပြုလုပ်ရာတွင် ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွှန့်၀င်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး ၀င်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး၀န်ကြီးဌာန (ရန်ကုန်မြို့တော်၀န်) ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာ၀န်ကြီး ဦးအောင်သန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး သံယံဇာတရေးရာ၀န်ကြီး ဦးဇော်၀င်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်၀င်းဆွေတို့မှ ကမ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခြင်း၊ အမွှေးနံ့သာများဖြင့် ပက်ဖျန်းပေးပြီးနောက် ရေကူဖြည့်တင်းခြင်း လုပ်ငန်းအား လှည့်လည်ကြည့်ရူ့ခဲ့ကြသည်။
ဆက်လက်၍ ၀န်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၂)ရပ်ကွက်ရှိ (၃၁) ဧကသောက်သုံးရေကန်အား ရေသိုလှောင်ထားနိုင်မှု့ အခြေအနေကို လှည့်လည်ကြည့်ရူ့ပြီးနောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းစိုးမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုးရေးနှင့် လျှပ်စစ်ဓာတ်အားထားရှိမှု အခြေအနေများအား ပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြခြင်း တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများမှ မိမိဌာနလုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပြီးနောက် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်၀င်းဆွေမှ လမ်းညွှန် အမှာစကား ပြောကြားပြီးနောက် ၀န်ကြီးချုပ်က ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၏ တင်ပြချက်များအား ပြန်လည်ရှင်းလင်းဆွေးနွေးကာ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)