မြစ်ကြီးနားမြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကျင်းပ

မြစ်ကြီးနား မတ် ၁၈

ကချင်ပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ ကို မတ် ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲက ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး သင်တန်း ခန်းမတွင် ကျင်းပခဲ့သည်။​ ရှေးဦးစွာ ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဌေးလွင်က ယခုလို တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်ခြင်း ဖြင့် ဒေသခံ‌တောင်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိပြီး အပိုဝင်ငွေရရှိ လာမည်‌စေရန်၊ သင်တန်းသူ/ သင်တန်းသားများအနေဖြင့် တန်ဖိုးမြှင့်စားသောက်ကုန်များအား မိမိတို့၏အိမ်များတွင် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် ယခုလို သင်တန်းမျိုး မကြာခဏဖွင့်လှစ်ပေးနိုင်ဖို့ ထပ်မံကြိုးစားသွားမည်ဖြစ်ကြောင်း  သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော သင်တန်းသား/ သူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြင့်ပြီး သင်တန်းသား/သူများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ကာ သင်တန်းနည်းပြများအား အမှတ်တရလက်ဆောင် များ ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းကို မတ် ၁၄ ရက်မှ ၁၈ ရက်နေ့အထိ ၅ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းတွင် သင်္ဘောသီးချဉ်/စပ်ယို၊ ငှက်ပျောသီးယို/ဝိုင်၊ ခရမ်းချဉ်သီးယို/ဆော့ပ်၊ သရက်သီး ယို/ ဖျော်ရည်ထုတ်လုပ်နည်း ဘာသာရပ်တို့ကို စာတွေ့လက်တွေ့ လက်တွေ့သင်ကြားပေးခဲ့ပြီး သင်တန်းသို့ သင်တန်းသား/သူ အင်အား ၃၀ ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)