သံဖြူဇရပ် မတ် ၁၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသီက အသိပညာပေး Talk Show များ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်ညိုမီရွှေထွန်းက မိမိတို့ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခကြုံတွေ့ နေရသည့် ဒုက္ခသည်တွေကို လတ်တလော သက်သာချောင်ချိမှု ရရှိစေရေးအတွက် အထောက်အပံ့ပေးနေမှုများနှင့် လူ့အသက်အိုးအိမ်ပစ္စည်းများ ထိခိုက်ဆုံးရှုံးမှု လျော့နည်းအောင် ဆောင်ရွက်ပေးမှုများကို ရှင်းလင်းပြောကြား၍ သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ကမ္ဘာနှင့်အဝှမ်းဖြစ်ပေါ်နေမှု အခြေအနေ၊ မြန်မာနိုင်ငံတွင် အဖြစ်များဆုံးဖြစ်သည့် မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မိုးခေါင်ရေရှားဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေးများအကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် Online မှတစ်ဆင့် ပြည်သူများအား အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အေးအေးမွန်(ပြန်ဆက်)