တောင်ကြီး မတ် ၁၈
နိုင်ငံသားတစ်ဦး၏တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝ အထောက်အကူ ဖြစ်စေနိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ယနေ့နံနက် ၉ နာရီမှစတင်၍ တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းမင်းဇော်နှင့် မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်တို့က ကွင်းဆင်း အနီးကပ်ကြီးကြပ်စစ်ဆေးခဲ့ကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ တောင်ကြီးမြို့ ကံသာရပ်ကွက်၊ ချမ်းသာ ရပ်ကွက်၊ အေးသာယာမြို့ အမှတ် (၅) ရပ်ကွက်နှင့် ရွှေညောင်မြို့၊ ရွှေဘုံသာရပ်ကွက်နေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ် ပြုလုပ်ပေးခြင်း၊ ပျက်စီး/ ပျောက်ဆုံးသူများကို မိတ္တူပြုလုပ်ပေးခြင်းနှင့် လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း၌ မွေးတိုး/သေဆုံးစာရင်း ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း တိုး/ လျော့/ ပြောင်းဝင်/ ပြောင်းထွက် လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိနေသည့်ရပ်ကွက်၊ ကျေးရွာသို့လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဇော်နိုင်လင်း