မြစ်ကြီးနား မတ် ၁၈
ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ် အပါအဝင် သဘာဝဘေးအန္တရာယ် များ မဖြစ်ပွားမီ ကြိုတင်ကာကွယ်နိုင်ရေး၊ ဖြစ်ပွားလာပါက ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင် ရေးနှင့် တပ်ဖွဲ့ဝင်များ၏ စွမ်းရည်တိုးတက်မြင့်မားလာရေးအတွက် အထပ်မြင့် မီးငြှိမ်းသတ်ရေးနှင့် အထူးရှာဖွေကယ်ဆယ်ရေး သရုပ်ပြအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ ပြည်နယ်မီးသတ်ဦးစီးဌာနရုံးဝင်းအတွင်း ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးငြှိမ်း သတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် ခန္ဓာကိုယ်ကြံ့ခိုင်ရေး၊ စိတ်ဓာတ်ကြံ့ခိုင်ရေး၊ သက်လုံကောင်းမွန်ရေး၊ ဘေးကင်လုံခြုံရေးစသည့် လုပ်ငန်းများနှင့် သက်ဆိုင်ရာ ကယ်ဆယ်ရေး ပညာရပ်များကို ကျွမ်းကျင်စွာ ပေါင်းစပ်နိုင်မှသာ ကယ်ဆယ်ရေးလုပ်ငန်း များကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် မီးသတ်တပ်ဖွဲ့၏ လုပ်ငန်း တာဝန်များကိုလည်း ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် စည်းကမ်းကောင်းမွန်ပြီး စွမ်းရည် ပြည့်ဝသည့် မီးသတ်တပ်ဖွဲ့ဖြစ်ပေါ်လာရန် လေ့ကျင့်ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မီးသတ်ဦးစီးဌာန၏ Command and Control Centre (C3, CCTV) တပ်ဆင်ထားရှိမှုနှင့် ပတ်သက်၍ ပြည်နယ်မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦးနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းပြသမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် မီးသတ်တပ်ဖွဲ့ဝင်များက ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူ ဖြည့်တင်းထားသည့် တရုတ်နိုင်ငံထုတ် HOWO အမျိုးအစား အထပ်မြင့်မီးငြှိမ်းသတ်ရေးနှင့် Aerial Ladder Fire Fighting (32 m) ရှာဖွေကယ်ဆယ်ရေးသုံး လှေကားတင်ယာဉ်ကို အသုံးပြု၍ အထပ်မြင့်တိုက် မီးလောင်မှုတွင် ရှာဖွေကယ်ဆယ်ခြင်းနှင့် မီးငြှိမ်းသတ်ပြသခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် Hydraulic Cutter , Spreader စသည့် Hydraulic Tool များကို အသုံးပြုပြသခြင်း၊ မီးလောင်သည့် နေရာများနှင့် သဘာဝဘေးဖြစ်စဉ်များတွင် ရှာဖွေကယ်ဆယ်နိုင်ရေးနှင့် ကင်းထောက်ခြင်း လုပ်ငန်းဆောင်ရွက်နိုင်သည့် အာရုံခံစနစ်ပါ Drone များ ပျံသန်းပြသခြင်း၊ လှေကားဝန်ချီစနစ် (Ladder Crane Method) ဖြင့် ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်မှုပြသခြင်းနှင့် မီးခိုးများရှိသည့် အဆောက်အဦးတွင်းမှ ပိတ်မိလူနာအား Smoke Ejector ဖြင့် မီးခိုးများ စုတ်ထုတ်ကယ်ဆယ်ခြင်း လုပ်ငန်းတို့အား သရုပ်ပြသခဲ့မှုကို အားပေးကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရုံးဝင်းအတွင်းပြသထားသည့် မီးသတ်တပ်ဖွဲ့၏ အဆင့်မြင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သရုပ်ပြမီးသတ်တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ချီးမြှင့်ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပြည်နယ် ပြန်/ဆက်