ညောင်ဦးမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပါ အသိပညာပေးခြင်းများဆောင်ရွက်

ညောင်ဦး  ဩဂုတ်  ၃၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ဘုရားနီးလမ်းဆုံတွင် ယနေ့ နံနက် ၈နာရီအချိန်မှစတင် ၂၀၂၀ပြည့်နှစ် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေပါအချက်များအား ရှင်းလင်း အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၀ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပါအချက်များအား ပြစ်မှုပြစ်ဒဏ်များနှင့်အတူ ရှင်းလင်း အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းအား ညောင်ဦးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိန်ဝင်း၊ ညောင်ဦးမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးစိုးလွင်၊ ညောင်ဦးမြို့နယ် အမှတ်(၉၃)ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုရဲမှူး အောင်ဆန်းလင်းနှင့် တပ်ဖွဲ့ဝင်များက မော်တော်ဆိုင်ကယ်/မော်တော်ယာဉ် မောင်းသူများအား ဝန်ပိုတင်ခြင်း၊ အပိုမီး/မီးတန်းတပ်ဆင်မောင်းနှင်ခြင်း၊ ယာဉ်မောင်းစဉ် လက်ကိုင်ဖုန်းအသုံးပြုမောင်းနှင်ခြင်း၊ နောက်ကြည့်မှန်၊ အိတ်ဇော အသံထိန်းကိရိယာမပါပဲ မောင်းနှင်ခြင်း၊ ရှေ့မီး အနိမ့်အား အချိန်တိုင်းဖွင့်၍ မ‌မောင်းနှင်ခြင်း၊ စံချိန်စံညွှန်းကိုက်ညီသည့် မော်တော် ဆိုင်ကယ်စီး ဦးထုပ်အား မေးသိုင်းကြိုးမသိုင်းပဲ မောင်းနှင်ခြင်း၊ နံပါတ်ပြားမတပ်ဆင်ပဲမောင်းနှင်ခြင်း စသည့် ဥပဒေပါအချက် များအား ပြစ်မှု၊ ပြစ်ဒဏ်များ နှင့်အတူ ရှင်းလင်းအသိပညာပေးခြင်း၊ မော်တော်ယာဉ်/ဆိုင်ကယ် မောင်းနှင်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ ဖော်ပြပါရှိသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ကိုထိန်၊KPD