ကွမ်းခြံကုန်းမြို့နယ်တွင် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ

ကွမ်းခြံကုန်း  မတ် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၈နာရီက ကွမ်းခြံကုန်းမြို့နယ် ဗိုလ်ချုပ်လမ်းမကြီးတွင် ပြုလုပ်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာမများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းများက မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက် နေအိမ် ပြင်ပသို့ သွားလာရာတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျတပ်ဆင်ရန် လက်ကို မကြာခဏဆေးကြောရန်၊ တစ်ဦးကိုတစ်ဦး ခပ်ခွာခွာနေထိုင်ရန်နှင့် Mask တပ်ဆင်ခြင်းမရှိသူများအား Mask အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် ပြည်သူများအနေဖြင့် ကျန်းမာရေးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များကို ဆက်လက်လိုက်နာ ဆောင်ရွက်သွားရန် လိုအပ်သည့်အတွက်   လူစည်ကားရာ နေရာများတွင် အသိပညာပေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆွေနွယ်