တွံတေးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

တွံတေး မတ် ၁၈

ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း၊ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးနိူင်ရေးအတွက် ၂၀၂၁ ခုနှစ်၊ မေ(၃) ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ(၁၆)နေ့အထိ ရပ်ကွက်၊ ကျေးရွာများ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ (၁၀၀)ရာခိုင်နှုန်း ပြီးစီးသွားပြီ ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တွံတေးမြို့နယ် မြို့နယ်ဦးစီးဌာနမှူး က ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ဆောင်ရွက်ပေးနေမှုများမှာ "ပန်းခင်း စီမံချက်" ကို နေထိုင်မှုပုံစံ (၄)မျိုးဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နေထိုင်မှု ပုံစံ(၄)မျိုးမှာ (၁) လက်ရှိဇာတိ ဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ (၂) လက်ရှိ  ဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း (၃) ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ (၄) ရွှေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်းတို့ ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်ကို ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး လူစည်ကားရာနေရာများ၌ ဗီနိုင်းများချိတ်ဆွဲခြင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်း ကွင်းဆင်းကာ ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ၊နိုင်ငံသားစိစစ်ရေး ကတ်ပြားသည် ပညာသင်ကြားရာတွင်လည်းကောင်း၊ အလုပ်အကိုင် ဆောင်ရွက်ရာတွင် လည်းကောင်း နိုင်ငံရပ်ခြားသို့ သွားရောက်ရာတွင်လည်းကောင်း စသည်ဖြင့် လူမှု့ဘဝအတွက် အလွန်အရေးကြီးပါကြောင်း၊ ယနေ့အထိ မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ် (၂၁၈၄၇)ကတ်၊ အိမ်ထောင်စုစာရင်း စုစုပေါင်း(၁၇၉၂) စောင်​တွင် လူဦးရေ အနေဖြင့် (၆၁၃၉)ဦးတို့ကို ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် မြို့နယ်ရှိ ပြည်သူများ အနေဖြင့် ပန်းခင်းစီမံချက်အား ရုံးမှာသော်လည်းကောင်း၊ ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ မတ်လ ၁၆ရက်နေ့တွင် ၁၀၀ ရာခိုင်နှုန်းပြီးစီးသွားပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တွံတေးမြို့နယ်တွင် ရပ်ကွက်(၈)ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၅)အုပ်စု၊ ကျေးရွာပေါင်း (၂၃၅)ရွာတွင် အသက်(၁၈)နှစ်အထက် လူဦးရေ(၁၇၆၄၂၅) ဦးနှင့် အသက်(၁၈) နှစ်အောက် လူဦးရေ (၇၄၃၃၁)ဦးရှိပြီး လူဦးရေ စုစုပေါင်း(၂၅၀၇၅၆)ဦး နေထိုင်သောမြို့ဖြစ်ကြောင်း သိရသည်။

တွံတေးသား