မြစ်သားမြို့နယ် ညောင်ဂျစ်ကျေးရွာတွင် နွားကောင်ရေ(၂၀၀)အား ဒေါင့်သန်းရောဂါ ကာကွယ်ဆေးထိုးနှံပေး

မြစ်သား မတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွား တိရစ္ဆာန်များအား ဒေါင့်သန်းရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို  ယနေ့ နံနက် (၇)နာရီက ညောင်ဂျစ်ကျေးရွာအုပ်စု၊ ညောင်ဂျစ်ကျေးရွာတွင် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျွဲနွားများအား ဘက်တီးရီးယားကြောင့်ဖြစ်ပွားသော ဒေါင့်သန်းရောဂါ ကာကွယ်ဆေး  ထိုးနှံပေးခြင်းဖြင့် ကျွဲနွားတိရစ္ဆာန်များသည် မြက်နှင့်ရေတို့ကို စားသောက်မိခြင်းကြောင့် သော်လည်းကောင်း၊ ယင်းတို့ပါဝင်သော လေကိုရှူရှိုက်မိခြင်းကြောင့် လည်းကောင်း၊ ကျွဲနွားတိရစ္ဆာန်တို့သည် ဒေါင့်သန်းရောဂါကပ်ငြိတတ်သော ကြောင့် ထိုရောဂါကျရောက်ခဲ့လျှင် တိရစ္ဆာန်တို့၏ ကိုယ်ခန္ဓာအတွင်း၌ လျှင်မြန်စွာ ပြန့်နှံ့တိုးပွားတတ်ပြီးသေဆုံးမှု ဖြစ်တတ်သည်ကို ကာကွယ်ရန်၊ တိရစ္ဆာန်အချင်းချင်း ကူးစက်ရောဂါများကင်းရှင်းစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍  ဒေါင့်သန်းရောဂါကာ ကာကွယ်ဆေး ထိုးနှံခြင်းဖြစ်ကြောင်းသိရသည်။

ကျွဲ၊ နွားတိရစ္ဆာန်များအား အချိန်အခါမရွေး ကူးစက်ဖြစ်ပွားတတ်သည့်ရောဂါဖြစ်သောကြောင့် အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို (၆)လ(၁)ကြိမ်ထိုးနှံပေးခြင်း ဖြစ်ကြောင်းနှင့် အဆိုပါကျေးရွာတွင်  ဒေါင့်သန်းရောဂါကာကွယ်ဆေး  ထိုးနှံမှုအနေဖြင့်  နွားကောင် ရေ (၂၀၀)ကျော်အား မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းထိုးနှံဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြမြမွန်