ခရမ်း မတ် ၁၈
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအဆင့်အလိုက် အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများနှင့် (Grade-11) စာမေးပွဲကို နိုင်ငံတစ်ဝှမ်း ယမန်နေ့မှစတင်၍ ဖြေဆိုလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများကို မူလတန်းအဆင့် သင်ရိုးသစ် Grade-4 နှစ်ဆုံး စစ်ဆေးခြင်း (Year End Test) နှင့် အခြေခံပညာ အလယ်တန်းအဆင့် နှစ်ဆုံးစစ်ဆေးခြင်းကို မတ်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ တစ်နေ့လျှင် နှစ်ဘာသာဖြင့် ဘာသာရပ်တစ်ခုလျှင် စာသင်ချိန် တစ်ချိန်စာစစ်ဆေး၍ အလယ်တန်း ပြီးမြောက်မှုစာမေးပွဲ (Grade-9) နှင့် အထက်တန်းအဆင့် (Grade-10) စာမေးပွဲကို မတ်လ ၁၇ရက်နေ့မှ မတ်လ ၂၁ရက်နေ့အထိ တစ်နေ့လျှင် နှစ်ဘာသာဖြင့် ဘာသာရပ် တစ်ခုလျှင် (၂)နာရီ ကြာဖြေဆိုသွားပြီး၊ (Grade-11) စာမေးပွဲကို မတ်လ ၁၇ရက်နေ့မှ မတ်လ ၂၃ရက်နေ့အထိ တစ်နေ့လျှင် တစ်ဘာသာဖြင့် ဘာသာရပ်တစ်ခုလျှင် (၃)နာရီကြာ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ခရမ်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၄၄)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း (၇)ကျောင်းရှိပြီး၊ အဆိုပါ ကျောင်းများတွင် နှစ်ဆုံးစာမေးပွဲများကို ကျောင်းသားကျောင်းသူများက အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကိုမင်း