ဆိပ်ကြီးခနောင်တို မတ် ၁၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် မီးစနစ်တကျ သုံးစွဲရေး အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၆ နာရီမှစ၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော် ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင် ဦးဆောင်၍ မီးသတ် တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လိုက်ပါလျက် မြို့နယ်နေပြည်သူများအနေဖြင့် လျှပ်စစ်မီး၊ မီးဖိုမီး၊ ဖယောင်းတိုင်မီးများနှင့် ခြင်ဆေးခွေများအား ညအိပ်ချိန်တွင် သတိထား၍ စနစ်တကျ ငြိမ်းသတ်ရန်၊ လျှပ်စစ်မီး ပြတ်တောက်နေသည့် အချိန်တွင် မီးခလုတ်များအား သေချာစွာပိတ်ထားရန်၊ နေအိမ်များ အလိုက် မီးသတ်ဆေး ဘူးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများ ထားရှိဆောင်ရွက် ထားရန်၊ နေအိမ်ခြံဝင်းအတွင်း အမှိုက်များအား စနစ်တကျ ရှင်းလင်းထားရန်နှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက အမြန်ဆက်သွယ် အကြောင်းကြားရမည့် သက်ဆိုင်ရာ မီးသတ်ဦးစီးဌာန ဖုန်းနံပါတ်များအား လိုက်လံအသိပေး နှိုးဆော်လျက်ရှိသည့်အပြင် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ဈေးဆိုင်များ၊ စက်မှု လက်မှု လုပ်ကိုင်သူများ၊ သင်္ဘောကျင်း (လွန်းလုပ်ငန်းများတွင်လည်း မီးဘေးကြိုတင် ကာကွယ်ရေး အသိပေး ဟောပြောခြင်း၊ စစ်ဆေးခြင်းနှင့် မီးငြိမ်းသတ်ခြင်းများကိုလည်း လက်တွေ့ သရုပ်ပြသ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေယံ(IPRD)