ချောင်းဆုံ မတ် ၁၈
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း နွေစပါးစိုက် တောင်သူဦးကြီးများ စပါးမျိုးကောင်း မျိုးသန့်များ စိုက်ပျိုးပြီး ဝင်ငွေတိုးပွားစေရန်အတွက် နွေစပါး စံကွက် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ချောင်းဆုံ အနောက်ရပ်ကွက်တွင် ပြုလုပ်ခဲ့ရာ မြို့နယ ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့သည်။
နွေစပါး စံကွက်ရိတ်သိမ်းခြင်းကို ချောင်းဆုံအနောက်ရပ်ကွက် ကွင်းအမှတ် (၇၁၃) ရှိ တောင်သူ ဦးစိုးသန်း၏ သီးထပ်ရင်စပါး စိုက်ခင်း (၉) ဧကရှိ စံကွက်ရိတ်သိမ်းခြွေလှေ့ခဲ့ရာ တစ်ဧက ပျမ်းမျှ အထွက်နှုန်း တင်း (၁၀၀)ကျော်ခန့် ထွက်ရှိခဲ့ကြောင်း ယခင်နှစ်က တင်း (၆၀) နှင့် တင်း (၈၀) ကြားသာ ရရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ချောင်းဆုံမြို့နယ်အတွင်း နွေစပါးစိုက် ဧကပေါင်း (၁၂၄) ဧကရှိပြီး တောင်သူများ လိုအပ်သည့် ဓါတ်မြေသြဇာရရှိရေးနှင့် မျိုးကောင်းမျိုးသန့် ရရှိရေးတို့ကို လာမည့်စိုက်ပျိုးရာသီအမီ ထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)