ရန်ကုန် မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများ၌ မီးဘေး အန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေး ကော်မတီ(စျေးများနှင့် ကုန်စည်ပွဲရုံများဌာန)၏ စီစဉ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ စည်ပင်သာယာ စျေးများတွင် မီးငြှိမ်းသတ်သည့် စက်ကြီးများကို အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်း ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ တာမွေမြို့နယ်ရှိ စည်ပင်သာယာစျေးများအတွင်း မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး အတွက် လက်တွေ့မီးငြှိမ်းသတ်နည်း ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းများအပြင် စျေးများရှိ စျေးသူ/စျေးသားများနှင့် စျေးဝယ် လာရောက်ကြသူများအနေဖြင့် အရေးပေါ် မီးလောင်ကျွမ်းမှု ဖြစ်ပေါ်သည့်အခါ စနစ်တကျ မီးငြှိမ်းသတ်ရေး နည်းစနစ်များ၊ မီးသဘော သဘာဝများ၊ မီးအတန်းအစားအမျိုးမျိုး၊ မီးစတင်လောင်ကျွမ်းခြင်းများ၊ မီးသတ်ဆေးဘူး အမျိုးမျိုးနှင့် မီးဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အတွက် အသေးစိတ် အသိ ပညာပေး ရှင်းလင်းဟောပြောခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် မြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများအား စျေးအင်္ဂါရပ်နှင့် ပြည့်စုံညီညွတ်မှု ရှိစေရေးအတွက် စျေးများအတွင်း သန့်ရှင်းသပ်ရပ်စေရေး၊ လုံခြုံမှုရှိစေရေးနှင့် မြို့နယ်စည်ပင် သာယာရေးကော်မတီမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်စေရေး၊ စျေးများအတွင်း ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် အထူးအလေးထား ဆောင်ရွက်နေသလို နွေရာသီကာလ၌ အဆိုပါ စျေးများအတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက်လည်း ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်