ကျောက်ဖြူ မတ် ၁၈
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး ရပ်ကွက်/ကျေးရွာ အုပ်စုများအလိုက် Mobile အဖွဲ့ဖြင့်ကွင်းဆင်း၍ ကျန်းမာရေးဌာနမှဝန်ထမ်းများက သွားရောက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဦးကင်းကျေးရွာအုပ်စုရှိ ပြည်သူများအား အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ပထမအကြိမ်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံရာတွင် ဆေးထိုးရန်လာရောက်ကြသည့် ပြည်သူများအား ကျေးရွာအတွင်းရှိ စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးခြင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများ ကို ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကျောက်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ယနေ့တွင် ဦးကင်းကျေးရွာအုပ်စုမှ ပြည်သူ ၆၀၀ ဦးအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး၊ဖြိုးဝေလင်း(ပြန်/ဆက်)