အမ်း မတ် ၁၈
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ အဆင့်အလိုက် အခြေခံပညာ ကျောင်းများ၌ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများနှင့် (Grade-9) စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယမန်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများမှာ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆို လျက်ရှိကြောင်း သိရသည်။
ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများကို မူလတန်းအဆင့် သင်ရိုးသစ် Grade-4 နှစ်ဆုံးစစ်ဆေးခြင်း (Year End Test) နှင့် အခြေခံပညာ အလယ်တန်းအဆင့် နှစ်ဆုံးစစ်ဆေးခြင်းကို မတ်လ(၁၇)ရက်မှ (၁၉)ရက်နေ့အထိ တစ်နေ့လျှင် ၂ ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် စာသင်ချိန်တစ်ချိန်စာစစ်ဆေး၍ အလယ်တန်း ပြီးမြောက်မှု စာမေးပွဲ (Grade-9)နှစ်ဆုံးစစ်ဆေးခြင်းကို မတ်လ(၁၇)ရက်နေ့မှ (၂၃)ရက်နေ့အထိ တစ်နေ့လျှင် တစ်ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် (၂)နာရီကြာ စစ်ဆေးသွားမည်ဖြစ်ပြီး အထက်တန်းအဆင့် Grade-10 စာမေးပွဲနှစ်ဆုံးစစ်ဆေးခြင်းကို မတ်လ(၁၇)ရက်နေ့မှစ၍ တစ်နေ့လျှင်(၂)ဘာသာနှုန်းဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
အမ်းမြို့နယ်တွင် အထကကျောင်းပေါင်း(၁၁)ကျောင်း၊ အထကခွဲကျောင်း(၁၁)ကျောင်း၊ အလကကျောင်း(၂၇)ကျောင်း၊ အလကခွဲ(၂၈)ကျောင်း၊ မူလွန်(၃၅)ကျောင်း၊ ကိုယ်ပိုင် အထက်တန်း ကျောင်း(၂)ကျောင်း အခြေခံပညာ ကျောင်းစုစုပေါင်း(၁၁၄)ကျောင်း များတွင် နှစ်ဆုံးစာမေးပွဲများကို ကျောင်းသား၊ ကျောင်းသူများက အေးချမ်းစွာ ဖြေဆို လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စိုးမင်းထွန်း(ပြန်/ဆက်)