အောင်မြေသာစံမြို့နယ်တွင် မဲရုံနေရာ စီစဉ်ထားရှိမှုများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

မန္တလေး ဩဂုတ် ၃၁

အောင်မြေသာစံမြို့နယ်တွင်၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အတွက် မြို့နယ် အတွင်းရှိ ရပ်ကွက်များ အလိုက် မဲရုံနေရာ စီစဉ်ထားရှိမှုများကို ယမန်နေ့ နံနက် ၉နာရီက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု ခဲ့ကြ‌ကြောင်း သိရသည်။

မဲရုံနေရာများကွင်းဆင်း ကြည့်ရှုစစ်ဆေးရာတွင် ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ် ဒေါက်တာလှမိုး၊ အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊မြို့နယ်‌ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာ ကိုကိုကြီးနှင့် ကော်မရှင်အဖွဲ့ဝင်များက အနှိပ်တော်ရပ်ကွက်၊ ဌာနီအနောက်ရပ်ကွက်၊ အောင်‌မြေသာစံရပ်ကွက်၊ သီရိမာလာအရှေ့ ရပ်ကွက် အစရှိသည့် ရပ်ကွက်များတွင် မဲရုံနေရာ စီစဉ်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှု ကြခြင်းဖြစ်သည်။

အောင်မြေသာစံမြို့နယ်တွင် ရပ်ကွက်ကြီး(၁၉) ရပ်ကွက်ရှိပြီး မဲရုံပေါင်း(၉၁)ရုံနှင့် ရှမ်းတိုင်းရင်းသားမဲရုံ(၆၂)ရုံ လျာထားသတ်မှတ် ထားကာ မဲဆန္ဒရှင်စုစုပေါင်း တစ်သိန်းခုနှစ်သောင်းကျော်နှင့် ရှမ်းတိုင်းရင်းသား မဲဆန္ဒရှင် ကိုးရာကျော် ရှိကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)