မလှိုင်မြို့နယ်မှတောင်သူများ   ကုလားပဲပေါ်ချိန် ဈေးကောင်းရရှိနေ

မလှိုင် မတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်မှ ဒေသခံတောင်သူများ ကုလားပဲပေါ်ချိန် ဈေးကောင်းရနေသဖြင့် ဈေးကောင်းအမှီ ရောင်းချနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း‌ ပန်းအိုင်ကျေးရွာ ဒေသခံတောင်သူတစ်ဦးထံမှ ယမန်နေ့က သိရသည် ။

“ ဒီနှစ်ကုလားပဲပေါ်ချိန်မှာ မနှစ်ကထက် ‌ဈေးကောင်းတယ် ၊ မနှစ်က နှစ်သောင်းခုနှစ်ထောင် /ရှစ်ထောင် ပတ်ဝန်းကျင်လောက်က စရောင်းရတာ နောက်ပိုင်းမှ သုံးသောင်းဖြစ်လာတာ။ ဒီနှစ်ပေါ်ပေါ်ခြင်းလေးသောင်းခွဲက စရောင်းရတာ ခုလေးသောင်းသုံးထောင် / လေးသောင်း ဖြစ်နေပြီ ဆိုတော့ ဈေးကောင်းရတယ် ပြောရမှာပေါ့ လောလောဆယ် ကုလားပဲအဖြူ(B2) ဆို လေးသောင်းသုံးထောင် ဈေးရောင်းရပြီး  ၊ ကုလားပဲအဝါကို လေးသောင်းဈေး ရောင်းရပါတယ် ဒီဈေးနဲ့ရောင်းရရင် တောင်သူတွေအတွက် ထိုက်သင့်တဲ့ အကျိုးအမြတ် ရရှိသေးတာပေါ့ ၊ ဒါကြောင့် ဈေးကောင်းချိန်အမှီ ရောင်းချနိုင်ရေး အစေ့အဆန် မြန်မြန်ရရှိအောင် ဆောင်ရွက်နေကြောင်း ”  ပန်းအိုင်ကျေးရွာမှ တောင်သူဦးအောင်မြင့်ဟိန်းက  ပြောပြသည်။

ကုလားပဲကို  မိုးဦးသီးနှံအပြီး တန်ဆောင်မုန်း၊ နတ်တော်လတွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးပြီး ကုလားပဲစိုက်ခင်းများတွင် သီးညှပ်အနေဖြင့် ဆီထွက်သီးနှံနေကြာကိုလည်း တောင်သူအများစုက ထည့်သွင်းစိုက်ပျိုးလေ့ရှိကြသည်။  ကုလားပဲစိုက်ပျိုးခြင်းသည် တောင်သူများအတွက် စရိတ်စကနည်းပြီး ကုန်ကျစရိတ် သက်သာခြင်း  ၊ သီးညှပ်သီးနှံဖြစ်သည့်  နေကြာထွက်ရှိခြင်း၊ နှစ်သီးစား ရသဖြင့် တောင်သူအများစုက ဆောင်းသီးနှံကုလားပဲကို နှစ်စဉ်စိုက်ပျိုးလေ့ရှိကြသည်။ တန်ဆောင်မုန်း၊ နတ်တော်လတွင် စိုက်ပျိုးခဲ့သော ကုလားပဲကို တပို့တွဲ ၊ တပေါင်းလများတွင် ရိတ်သိမ်းကြ ရပြီး ယခုနှစ် ကုလားပဲသီးနှံပေါ်ချိန်တွင် ဈေး ကောင်းရရှိနေသဖြင့် ဈေးကောင်းအမီ ရောင်းချနိုင်ရေး တောင်သူများကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။

အောင်ဌေး(မလှိုင်)