ဗန်းမော် မတ် ၁၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအနေဖြင့် နယ်စပ်ဒေသ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍကောင်းမွန်စေရေးအတွက် စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စာဝတီးကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာတွင် အရှည်ပေ(၃ဝ)၊ အကျယ် ၁၄ ပေရှိ သံကူကွန်ကရစ်တံတား ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး၍ ကျေးရွာများအား လမ်းပန်း ဆက်သွယ်ရေး အတွက် အကျိုးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ သံကူကွန်ကရစ်တံတားသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ကျပ် ၅၉ ဒဿမ ၁၃၈ သန်းဖြင့် ချိုသီရိကုမ္ပဏီမှ တာဝန်ယူ၍ ဗန်းမော်မြို့နယ်၊ ဗန်းမော်-စာဝတီး-ကောင်းတုံကျေးရွာလမ်းပေါ်ရှိ ညောင်ပင်သာ ကျေးရွာတွင် အရှည်ပေ ၃ဝ၊ အကျယ် ၁၄ ပေရှိ သံကူကွန်ကရစ်တံတားကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှ စတင်တည်ဆောက်ခဲ့ကာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ၁ဝဝ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးခဲ့သည်။ သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှုအား ဗန်းမော်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လင်းနှင့် အဖွဲ့က မတ်လ ၁၆ ရက်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကာ ဗန်းမော်-စာဝတီး-ကောင်းတုံကျေးရွာ လမ်းပေါ်ရှိ ကျေးရွာ ၉ ရွာ၊ အိမ်ထောင်စု(၁၇၁၅)စု၊ လူဦးရေ (၇၉၃၉)ဦးအတွက် လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို များစွာအကျိုးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)