မိုင်းယောင်း၌ COVID-19 Economic Relief Plan အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့

 

မိုင်းယောင်း ဩဂုတ် ၃၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ COVID-19 Economic Relief Plan အရ Action Plan တွင် ပါဝင်သော ငါးမွေးမြူရေးလုပ်ငန်း ပြန်လည်ထူထောင်ရန်အတွက် ငါးမွေး ကန်များအား နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ငါးသားပေါက် ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ်လ ၃၀ ရက်နေ့ ညနေပိုင်းက မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ တာချီလိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစန်းမောင်ဦးက COVID-19 အလွန် ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ပြန်လည် ဦးမော့လာစေရေး နိုင်ငံတော်အစိုးရမှ ငါးမွေးကန်များအား မျိုးငါးနှင့် ငါးသားပေါက်များ ထောက်ပံ့ပေးမည့် အစီအစဉ်အရ မိုင်းယောင်းမြို့နှင့် မိုင်းယုမြို့အတွင်းရှိ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်တွင် ငါးမွေးမြူခြင်းဆိုင်ရာ လိုင်စင်ခွန်ပေးဆောင်ခဲ့သည့် ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးသည့် ငါးသားပေါက်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း နှင့် တာချီလိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစန်းမောင်ဦး တို့က မိုင်းယောင်းမြို့မှ ငါးမွေးတောင်သူ ၁၄၅ ဦးနှင့် မိုင်းယုမြို့မှ ငါးမွေးတောင်သူ ၁၀ ဦးတို့အား တစ်ဧကလျှင် ဆလားဗီးယားမျိုး ငါးသားပေါက်ကောင်ရေ (၁၀၀၀) နှုန်းဖြင့် ငါးမွေးကန်ဧကပေါင်း ၂၄၂ ဒသမ ၈ ဧကအတွက် ငါးသားပေါက်ကောင်ရေ စုစုပေါင်း ၂၄၂၈၀၀ အား ငါးမွေးတောင်သူများ၏ လက်ဝယ်အရောက် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အားချာ(ပြန်/ဆက်)