ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးရွှေမဉ္ဇူရေလယ် (အင်းတော်ကြီး) ဘုရား၏ (၁၅၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ပိတ်ပွဲ ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

မိုးညှင်း မတ် ၁၇


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ အင်းတော်ကြီးဒေသတွင် ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးရွှေမဉ္ဇူရေလယ် (အင်းတော်ကြီး) ဘုရား၏ (၁၅၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ပိတ်ပွဲ ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲကို တပေါင်းလပြည့် (၁၅)ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ သည်။
အခမ်းအနားတွင် နမောတဿ (၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ရတနာ(၃)ပါးနှင့် ကြွရောက်လာသော ဆရာတော်/သံဃာတော်များအား ကန်တော့ခြင်း၊ ညောင်ပင်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည် ခြင်းနှင့် ညောင်ပင်ဆရာတော်မှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခြင်းများ ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ ဘုရားပွဲတော်သည် တပေါင်းလဆန်း(၈)ရက်နေ့မှ တပေါင်းလပြည့်(၁၅)ရက်နေ့အထိ အစဉ်အလာ မပျက် ကျင်းပလေ့ရှိရာ အင်းတော်ကြီးဒေသရှိ ဘုရားဒါယိကာ ဒါယိကာမများနှင့် ရပ်နီးရပ်ဝေးများမှ ဘုရားဖူးပြည်သူများအား ဆွမ်းတော်တင်ကပ်လှူကြပြီး ဝေနေယသတ္တဝါတို့အား အမျှပေးဝေပြီးနောက် ဆရာတော်/သံဃာတော်များမှ ဘုရားကြီးအား လက်ယာရစ်ဖြင့် လှည့်ပတ်ပူဇော်၍ ပြန်လည်ထွက်ခွာ ချိန်တွင် အနယ်နယ်အရပ်ရပ်မှ နဝကမ္မအလှူငွေများနှင့် လူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြ‌ကြောင်း ဘုရားဂေါပကအဖွဲ့ဝင် ဦးသောင်းညွှန့်ထံမှ သိရသည်။

ရွှေမဉ္ဇူ(အင်းတော်ကြီး) ရေလယ်ဘုရား စေတီတော်မြတ်ကြီးသည် မြေစိုက်အမျိုးအစား စေတီဖြစ်ပြီး စေတီ၏ ပုံသဏ္ဍာန်မှာ ရှစ်မြောင့်ပိတ်ထုချွန်ပုံဖြစ်ကြောင်း၊ ဘုရား၏ ဉာဏ်တော်အမြင့်မှာ (၅၀)ပေ၊ ဖိနပ်တော်မှာ(၃၉)ပေ (၁၀)လက်မရှိပြီး စေတီ၏ ပစ္စယာအဆင့်တို့တွင်ရှိသော မုခ်ငယ်များထဲ၌ ကျောက်ဆင်းထုတော်များရှိပြီး စေတီတော်ကြီးကို အရန်စေတီငယ်ပေါင်း (၁၅၂)ဆူဝိုင်းရံလျက်ရှိကြောင်းနှင့် စေတီ၏ကျောက်ပလ္လင်သည် အရှေ့အနောက်မှာ (၁၂၀)ပေနှင့် တောင်-မြောက်မှာ(၁၁၈)ပေရှိကြောင်း သိရ သည်။
အဆိုပါ ဘုရားပွဲတော်သည် နှစ်စဉ်နှစ်တိုင်းမကျင်းပမီ လူလမ်းနှင့် နတ်လမ်းဟူ၍ သဲလမ်းနှစ်လမ်းပေါ် လေ့ရှိပြီး ၎င်းလမ်းနှစ်လမ်း၏ အကွာအဝေးမှာ (၂)ဖာလုံခန့်ကွာဝေး၍ မြောက်ဘက်တွင် လူလမ်း၊ တောင်ဘက်တွင် နတ်လမ်းဟူ၍ တည်ရှိကြောင်း ဘုရားမှတ်တမ်းများအရ သိရသည်။

ဇွဲသူရအောင်(ခရိုင်ပြန်/ဆက်)