ငါ့သရောက် မတ်လ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မတ်လ ၁၆ ရက်နေ့ နံနက် ၁၀နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေး ဟောပြောပွဲကို ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးနှင့် ငါ့သရောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းတို့မှ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းမှ မြန်မာနိုင်ငံတွင် ကလေးများအား အလုပ်သမားအဖြစ်ခိုင်းစေမှုလျော့နည်းပပျောက်စေရန် ကလေးများအား အကြမ်းဖက်ခံရမှုမှ အကာအကွယ်ပေးရန်၊ အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် ကလေးများကို အလုပ်မလုပ်စေရန်၊ အလုပ်လုပ်သော ကလေးများအနေဖြင့် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာသင်ယူရေး တိုက်တွန်းစီစဉ်ပေးရန် အစရှိသည်တို့ကို ဆွေးနွေး ခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းမှ ကလေးအလုပ်သမားပပျောက်ရေးအတွက် ပြည်သူများအားလုံးက ဝိုင်းဝန်းကူညီကြိုးစားရန်၊ ကလေးများသည် နိုင်ငံတော်ရဲ့ အနာဂတ်၊ နိုင်ငံတော်ရဲ့ အနာဂတ်ဟာလည်း ကလေးတွေရဲ့ လက်ထဲမှာဖြစ်ပြီး နိုင်ငံတိုးတက်အောင် ကလေးတွေ ထက်မြက်ရမည်၊ ကလေးအရည်အချင်းရှိမှသာ အရည်အသွေးပြည့် ဝတဲ့ နိုင်ငံ ဖြစ်လာမည် စသည်ဖြင့် ဟောပြောခဲ့ကြောင်း သိရသည်။
ဖြိုးဝေ (ပြန်/ဆက်)