တပေါင်းလပြည့်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားများပြား

ရန်ကုန် မတ် ၁၆

ယနေ့တွင် ကျရောက်သည့် ၁၃၈၃-ခုနှစ် တပေါင်းလပြည့်နေ့သည် မြန်မာလူမျိုးတို့၏ နေ့ထူး နေ့မြတ်ဖြစ်သည်နှင့်အညီ ယနေ့နံနက်ပိုင်းအချိန်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ ကပ်လှူ၍ ကုသိုလ်ပြုကြသူများ၊ ဥပုဒ်သီလစောင့်တည်သူများဖြင့် အထူးပင်စည်ကားလျက် ရှိကြောင်း သိရသည်။

“ဒီကျောက်တန်းရေလယ်ဘုရားဆိုတာ အရင်က ကြားပဲကြားဖူးခဲ့တာပါ။ အခုမှ အလုပ်ကလည်း ပိတ်တာနဲ့ မိသားစုနဲ့အတူ လာရောက်ဖူးမြော်ဖြစ်တာပါ။ ပြီးတော့ ဒီဘုရားမှာက ထူးခြားတာ သဘာဝအတိုင်း ဘေးမဲ့လွှတ်ထားတဲ့ ငါးလေးတွေ၊ လိပ်လေးတွေကို ကိုယ်တိုင်အစာ ကျွေးခွင့် ရတဲ့အတွက် အရမ်းကိုပျော်စရာကောင်းပါတယ်။ နောက်လည်း လာရောက်ဖူးမြော်ချင်ပါသေးတယ် ”ဟု တောင်ဒဂုံမြို့နယ်မှ ဘုရားဖူးလာရောက်သူ တစ်ဦးကဆိုသည်။

၁၃၈၃-ခုနှစ် တပေါင်းလပြည့်နေ့တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများအား အများပြည်သူဖူး‌မြော်ကြည်ညိုနိုင်ရေးအတွက် စနေ၊ တနင်္ဂနွေနှင့် နေ့ထူးနေ့မြတ် အစိုးရရုံးပိတ်ရက်များ၌ နေ့စဉ်နံနက်(၅)နာရီမှ ည(၇)နာရီခွဲ အချိန်အထိ ဖွင့်လှစ်ပေးထားပြီး မည်သူမဆို စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ကြောင်း သတင်းရရှိ ပါသည်။

နိုင်လင်းအောင်(တာမွေ)