ပင်လောင်း မတ် ၁၆
ပင်လောင်းမြို့နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကောင်လှိုင်းရွာ၌ ဆောင်းနေကြာကို စမ်းသပ်စိုက်ပျိုးရာ ယခုအချိန်တွင် ခူးဆွတ်နေပြီဖြစ်ကြောင်းသိရသည်။
ဆောင်းနေကြာ စိုက်ပျိုးမှုနှင့် ပတ်သက်၍ တောင်သူတစ်ဦးက "ဆောင်းနေကြာကို အရင်က မစိုက်ဖူးဘူး၊ ဒီနှစ်တော့ စမ်းသပ်စိုက်ပျိုးတယ်၊ မျိုးစေ့ကိုတော့ အောင်ပန်းထိ တက်ဝယ်ပြီး သုံးပြည်ဆန့် မျိုးစေ့တစ်ထုတ်ကို ငွေကျပ် ၁၈၀၀၀ ဖြင့် ဝယ်ယူရပါတယ်၊ ဆောင်းရာသီမှာ နေကြာက မစိုက်ဖူးတော့ ဒီနှစ်ဆောင်းရာသီဖြစ်တဲ့ ဒီဇင်ဘာလမှာ စမ်းစိုက်တာ အခုမတ်လ (၃)လအကြာမှာ ခူးဆွတ်လို့ရနေပြီ၊ ဒီဆောင်းနေကြာကို စိုက်ပျိုးတာ အချိန်လည်း ကုန်သက်သာပြီး လူပင်ပန်းသက်သာတယ်" ဟု ပြောကြားခဲ့သည်။
ပင်လောင်းမြို့နယ် ကောင်လှိုင်းကျေးရွာသည် မိုးရာသီကိုသာ အားကိုးအားထားပြီး စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြကာ ပြောင်း၊လက်ဖက်၊ မြေပဲ၊ ပန်းနှမ်း ကိုသာ အဓိကစိုက်ပျိုးကြသော ကျေးရွာတစ်ရွာဖြစ်သည်။ ယခုနှစ်ဆောင်းရာသီ၌ နေကြာကို စမ်းသပ်စိုက်ပျိုးကြရာ ယခုအချိန်၌ ခူးဆွတ်နေကြပြီဖြစ်ကြောင်း သိရသည်။
ခွန်ရဲ(ပင်လောင်း)