မော်လမြိုင်မြို့ရှိ ကျက်သရေဆောင် တန်ခိုးကြီးဘုရားများ၌ တပေါင်းလပြည့်‌နေ့တွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

မော်လမြိုင် မတ် ၁၆

မွန်ပြည်နယ် မော်လမြိုင်မြို့ ကျက်သရေဆောင်တန်ခိုးကြီးဘုရားများတွင် တပေါင်းလပြည့်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ၊ အေးချမ်းစွာ ကုသိုလ်ယူသူများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိသည်။

မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုလျော့နည်းကျဆင်းမှု ရှိသော်လည်း ကူးစက်မှုနှုန်း ဟန့်တားထိန်းချုပ်နိုင်ရေးနှင့် ကိုဗစ် -၁၉ ကာလ ပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့် ကုသိုလ်ယူနိုင်ကြစေရန် ရည်ရွယ်၍ တန်ခိုးကြီးဘုရားဖြစ်သည့် ကျိုသလ္လံ‌စေတီတော်မြတ်၊ ဦးခန္ဓီမဟာမြတ်မုနိ စေတီတော်မြတ်၊ ဦးဇီနစေတီတော်မြတ်စသည့် တန်ခိုးကြီးဘုရားများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ ရပ်နီး၊ ရပ်ဝေးမှ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဆွမ်း၊ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်၍  ဘုရားဝတ်ပြု ဆုတောင်းသူများ၊ စတုဒီတာများဖြင့်‌ ကျွေးမွေးဧည့်ခံသူများ၊ ဘုရားများတည်ရှိရာ လမ်းတလျှောက်တွင်စျေးရောင်း၊ စျေးဝယ်များဖြင့် စည်ကားသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။

ခင်စန်းမြင့်ပြန်/ဆက်