ကျိုက်မရောမြို့ ရသေ့ကျောင်းတိုက် ဇောတိကကိုးနဝင်း စေတီတော်မြတ်ကြီး၏ ရွှေထီးတော်တင်မင်္ဂလာနှင့် ကျောင်းဆောင်သစ်ရေစက်ချ အလှူတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကျိုက်မရော မတ် ၁၆

ကျိုက်မရောမြို့နယ်၊ ရသေ့ကျောင်းတိုက်အတွင်းရှိ ဇောတိကကိုးနဝင်း စေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်မင်္ဂလာနှင့် ကျောင်းဆောင်သစ်ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါစေတီတော်ကြီးရှိ မဏ္ဍပ်အတွင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

ထို့နောက်မြကျောင်းတိုက် ဆရာတော်ဘုရားကြီးက သြဝါဒမိန့်ကြားပြီး အလှူဒါယကာ၊ ဒါယိကာမများနှင့် ဧည့်ပရိတ်သတ်များက ၅ ပါးသီလ ခံယူဆောက်တည်ကာ ရွေထီးတော်အလှူရှင်များက ရွှေထီးတော်နှင့် လှူဖွယ်ဝတ္တူများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် ရတနာပစ္စည်းများကိုသက်ဆိုင်ရာ တာဝန်ရှိသူများက ပင့်ဆောင်ပူဇော်ကာ စေတီတော်အား လက်ယာရစ်သုံးပါတ်လှည့်လည် ပူဇော်ကာမင်္ဂလာရထားတွဲကိုဆွဲတင်၍ ဆရာတော်သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပြီး သာဓုအနုမောဒနာတရား ချီးမြှင့်၍ လှူဒါန်းမှုအစု စုတို့ကိုရေစက်သွန်းချအမျှဝေပြီး “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုကာ ရတနာရွှေမိုးငွေမိုးရွာသွန်းဖြိုး၍ အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)