တံတားဦး မတ် ၁၆
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် သူငယ်တော်တောရကျောင်းတိုက်တည်ထောင်ခြင်း နှစ်သုံးဆယ်ပြည့် ပုလဲရတုသဘင်အခမ်းအနားနှင့် (၁၃)ကြိမ်မြောက် သူငယ်တော်တောရသာသနာ လင်္ကာရအကျော် ဘွဲ့နှင်းသဘင် အခမ်းအနားကို တံတားဦးမြို့နယ် သူငယ်တော်ရ ကျောင်းတိုက် လောကဝိမုတ္တိ သိမ်တော်အတွင်း၌ ကျင်းပကြောင်း သိရသည်။
သူငယ်တော်တောရ ကျောင်းတိုက် တည်ထောင်ခြင်း နှစ်သုံးဆယ်ပြည့်ပုလဲရတုသဘင်အခမ်းအနားနှင့် (၁၃)ကြိမ်မြောက် သူတော်တောရသာသနာလင်္ကာရအကျော်ဘွဲ့နှင့် သဘင်အခမ်းအနားသို့ ကြွရောက်တော်မူ လာကြသော ဆရာတော် သံဃာတော်များနှင့် တပည့်ဒါယကာ၊ ဒါယိကာများက အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့ဖွင့်လှစ်ကြပြီး၊ တံတားဦးမြို့နယ် သံဃာ့နာယက ဩဝါဒစရိယ ဂိုဏ်းထောက် ပရိယတ္တိစာတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တ ကောသလ္လထံမှ တပည့်ဒါယကာ၊ ဒါယိကာများက ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး၊ ဆရာတော်သံဃာတော်များက “သဗ္ဗီတိယော ဝိဝဇ္ဇန္တု” အစရှိသော ဆုတောင်းဂါထာများ ရွတ်ဖတ် ချီးမြှင့်ပေးတော်မူကြသည်။ ဆက်လက်၍ နိုင်ငံတော် သံဃာ့ဗဟိုဝန်ဆောင်ဆရာတော် အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက် နာယကဆရာတော် သူငယ်တော်တောရစီမံအုပ်ချုပ်မှု ဩဝါဒစရိယ စာမေးပွဲ ဖြစ်မြောက်ရေး ဦးစီးပဓာန ဘဒ္ဒန္တသုဇနာဘိဝံသ ဆရာတော်ထံမှ ဩဝါဒကထာ ကိုလည်းကောင်း၊ သူငယ်တော်တောရ ကျောင်းတိုက်တည်ထောင်ခြင်း နှစ်သုံးဆယ်ပြည့် အထိမ်းအမှတ်အဖြစ် ပုလဲရတနာဖလားကို သူငယ်တော်တောရကျောင်းတိုက် နာယကဆရာတော်များက ဘုရားရှင်အား ပူဇော်ခြင်းဖြင့်လည်းကောင်း၊ တောရဆရာတော်၏ နှစ်သုံးဆယ်ပြည့် ဩဝါဒကထာကို ဓမ္မကထိက ဘဒ္ဒန္တ ဣန္ဒာလောကာလင်္ကာရမှလည်းကောင်း၊ သူငယ်တော်တောရ၏ စာမေးပွဲဆိုင်ရာ များကို ဘဒ္ဒန္တ စန္ဒာဝရ ကလည်းကောင်း အသီးသီးဖတ်ကြားနာယူကြသည်။
ထို့နောက် (၁၃)ကြိမ်မြောက် သူငယ်တော်တောရသာသနာ လင်္ကာရအကျော် ဘွဲ့လက်မှတ်၊ ဘွဲ့တံဆိပ်တော်နှင့် စာအောင်ဆုများကို ဘဒ္ဒန္တသုဇနာဘိဝံသ ဆရာတော်က ချီးမြှင့်ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်ချပေးဝေကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆို ပူဇော်၍ ရုပ်သိမ်းပေးကြသည်။ တံတားဦးမြို့နယ် သူငယ်တော်ရကျောင်းကို ၁၃၅၃-ခုနှစ် တပေါင်း လပြည့်တွင် စတင်တည်ထောင်ခဲ့ရာ ယနေ့တွင် နှစ်သုံးဆယ်ပြည့် သည့်အတွက် ပုလဲရတုအခမ်းအနား ဖြစ်ကြောင်းနှင့် သူငယ်တော် တောရသာသနာ လင်္ကာရအကျော် စာမေးပွဲ(၄၂)ပါးအောင်မြင် ခဲ့ပါကြောင်း၊ သူငယ်တော်တောရသာသနာ လင်္ကာရအကျော်စာမေးပွဲ ကျင်းပသည့်နှစ်မှ(၁၃)နှစ် မြောက်အထိ (၃၀၈)ပါးအောင်မြင်ပေါ်ထွန်းလာခဲ့ကြောင်း သူငယ်တော်တောရ နာယကဆရာတော်ထံမှ သိရသည်။
ရဲတင့် - တံတားဦးပြန်/ဆက်