တာမွေမြို့နယ်ရှိ မျက်စိအထူးကုဆေးရုံကြီး(ရန်ကုန်)သို့  သောက်သုံးရေဂါလန် (၁၇၀၀၀) ဖြည့်တင်းလှူဒါန်း

ရန်ကုန် မတ် ၁၆

ယခုအခါ ပူပြင်းခြောက်သွေ့သော ရာသီရောက်ရှိလာပြီဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း သောက်သုံးရေ လုံလောက်စွာရရှိနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုအရ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ရှင်သန်ရေးကူညီမှုအသင်းတို့ ပူးပေါင်း၍ တာမွေမြို့နယ်ရှိ မျက်စိအထူးကုဆေးရုံကြီး (ရန်ကုန်) သို့  သောက်သုံးရေဂါလန် (၁၇၀၀၀) ဖြည့်တင်းလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

“ ကျွန်တော်တို့အနေနဲ့ တာမွေမြို့နယ်အတွင်းရှိ ပြည်သူတွေ အခုလို ပူပြင်းခြောက်သွေ့တဲ့ ရာသီမှာ သောက်သုံးရေ အခက်အခဲမရှိစေရေးအတွက် အပေါ့စားရေစုပ်စက်ကိုအသုံးပြုပြီး ရေသယ် ယာဉ်တွေနဲ့ မြို့နယ်အတွင်း သောက်သုံးရေ အခက်အခဲရှိတဲ့နေရာတွေကို အခမဲ့ လိုက်လံဖြန့်ဝေပေးနေတာပါ။ တာမွေမြို့နယ်အတွင်းရှိ သောက်သုံးရေ အခက်အခဲရှိတဲ့ ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ကိုဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်ပါတယ် ” ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် အထပ်မြင့်တိုက်တာ အဆောက်အဦများပေါများပြီး ယခုလို ပူပြင်းခြောက်သွေ့သည့်ရာသီတွင် သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်ဖို့ အခက်အခဲများစွာ ဖြစ်ပေါ်နေသည့်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန အပါအဝင်  သက်ဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ပြည်သူများ သောက်သုံးရေလုံလောက်စွာ ရရှိနိုင်ဖို့အတွက် စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(တာမွေ)