ကျောက်ဆည် မတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ တန်းခိုးကြီးဘုရားတစ်ဆူဖြစ်သော ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားတွင် အစိုးရရုံးပိတ်ရက်ဖြစ်သော တပေါင်းလပြည့်နေ့၌ ဘုရားဖူးပြည်သူ များဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။
ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားသည် ကျောက်ဆည်မြို့၏ မြောက်ဘက်(၃)မိုင်ခန့်အကွာ ရန်ကုန်-မန္တလေး ကားလမ်းဘေး သင်တောင်းကျေးရွာအနီးတွင် တည်ရှိရာ သက္ကရာဇ်(၃၉၅)ခုနှစ်တွင် ပုဂံပြည့်ရှင် အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့ပြီး ရှင်အရဟံကိုယ်တော်တိုင် သိမ်သမုတ်ခဲ့သော တန်ခိုကြီးဘုရားတစ်ဆူဖြစ်ကြောင်း သိရှိရကြောင်းနှင့် "ဆုတောင်းပြည့် မဟာရွှေသိမ်တော် ဘုရားကြီးကို တစ်လခေါက်တော့ မိသားစုနဲ့အတူ ပုံမှန်ဘုရားဖူးလာဖြစ်ပါတယ်၊ ဘုရားလာဖူးရတာ စိတ်ချမ်းသာကြောင်း၊ ဘုရားဖူးလာတိုင်းလည်း မိသားစုပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေးလုပ်ငန်းတွေအဆင်ပြေဖို့ အဓိဌာန် ကန်တော့ပွဲထိုးပြီး တိုင်တည်ဆုတောင်းမှုတွေ ပြုလုပ်ပါတယ် တောင်းတဲ့ဆုတွေလည်း ပြည့်စုံအောင်မြင်ကြောင်း" မြစ်သားမြို့မှ ဘုရာဖူးပြည်သူ ဦးထွန်းကြည်က ပြောပြသည်။
ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရား ဂေါပကအဖွဲ့မှ ဘုရာဖူးပြည်သူများ စိတ်ချမ်းသာမှုရှိစေရေးအတွက် သန့်ရှင်းရေး၊ စည်းကမ်းထိန်းသိမ်းရေး၊ လုံခြုံရေးဝန်ထမ်းများ ထားရှိပေးထားပြီး ဘုရားဖူးပြည်သူများ၏ လိုအပ်ချက်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေက ပြောပြသည်။
သက်မောင်(ကျောက်ဆည်)