ကျောက်ဆည် ဩဂုတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဧရာမင်းမျိုးသန့်မျိုးစေ့ထုတ် စိုက်ဧကများ မှန်ကန်မှု ရှိ/မရှိနှင့် စိုက်နည်းစနစ်မှန်ကန်စေရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်မျိုးစေ့ထုတ် တောင်သူများအဖွဲ့တို့ ပူးပေါင်းပြီး ကွင်းဆင်းကာ စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။
မျိုးသန့်မျိုးစေထုတ်စပါး စိုက်ပျိုးရာတွင် စပါးပင်များကို (၁၀)ပေပတ်လည် တစ်ပင်ချင်းစိုက် နည်းစနစ် နှင့် (၆)တန်း တစ်တန်းလှပ် နည်းများဖြင့် စိုက်ပျိုးရပြီး ပြုစုပျိုးထောင်ရာမှအစ မျိုးအောင်မြင်ပြီး ရိတ်သိမ်းခြင်း ချွေလှေ့ခြင်း၊ သိမ်းဆည်းခြင်းပြုလုပ်သည်အထိ နည်းစနစ်များ မှန်ကန်မှသာ မျိုးသန့်မျိုးစေ့များ ရရှိမှာဖြစ်ကြောင်းလည်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကျေးရွာအုပ်စု(၃၄)အုပ်စုမှ တောင်သူ(၁၄၅)ဦး၊ ကွင်းပေါင်း (၃၈)ကွင်းရှိ စိုက်ဧက (၆၁၆.၀၈)ဧကတွင် ဧရာမင်း မျိုးသန့်မျိုးစေ့ထုတ်လုပ်ရန် အတွက် စိုက်ပျိုးထားရှိကြောင်း သိရှိရပြီး အဆိုပါ မျိုးစေ့ထုတ်စိုက်ခင်းများ နည်းစနစ်မှန်ကန်ရေးနှင့် စိုက်ဧက မှန်ကန်မှုရှိမရှိ မျိုးစေ့ထုတ်တောင်သူများအဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်း နှင့် ပူးပေါင်းပြီး ရှောင်တခင်ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်လျှက် ရှိကြောင်း သိရှိ ရသည်။
သက်မောင်(ခရိုင်၊ပြန်/ဆက်)