ကျိုက်ထို မတ် ၁၆
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ကျောက်လုံးတော်ကြီးအား (၃)နှစ်တစ်ကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခဲ့သည့် (၁၀)ကြိမ်မြောက် ရွှေသင်္ကန်းကပ်လှူပွဲ၊ ရေစက်ချ တရားနာနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားကို ယနေ့ တပေါင်းလပြည့်နေ့တွင် အဆိုပါ ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များက ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ပူဇော်ပြီး ဆရာတော်သံဃာတော်များနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးမြတ်သွင်နှင့် အဖွဲဝင်များက အမွှေးနံ့သာများ ပက်ဖျန်းကာ ရေသပ္ပါယ်ပြီး ရောင်တော်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်ပြီး ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တအာစရ ဆရာတော်ထံမှ ကိုးပါးသီလခံယူပြီး ဆရာတော်၊ အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ်တော်များ ရွတ်ပွား သရဇ္ဈယ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက်မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေး၀န်ကြီးဦးမြတ်သွင်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး လူမှုရေး၀န်ကြီးနှင့် တာ၀န်ရှိသူများ၊ အလှူရှင်များက ဆရာတော် သံဃာတော်များအား လှူဖွယ်၀တ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းရာ ဆရာတော် အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တအာစရ ဆရာတော်မှ လှူဒါန်းမှု အစုစုအတွက် ရေစက်ချ တရား ချီးမြှင့်ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
ဆက်လက်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့၀င်လူမှုရေး ၀န်ကြီးဦးမြတ်သွင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၀င်များ၊ အလှူရှင်များမှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။
၀င်းမောင်(ကျိုက်ထို)