စဉ့်ကူး မတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေး Mobile Team အဖွဲ့များဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မာလဲကျေးရွာ၊ နတ်တောင်ကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ပြီး ယနေ့ နံနက်ပိုင်း အချိန်မှစ၍ ညနေပိုင်းအချိန်အထိ လက်ပံလှကျေးရွာအုပ်စု၊ ပင်လယ်ကြီးကျေးရွာတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေး ဦးစီးဌာန၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများအဖွဲ့များစုဖွဲ့၍ ခရီးသွားမိဘပြည်သူ တို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီး/မပြီး စစ်ဆေးမေးမြန်းပြီး အသက် (၁၈)နှစ်ပြည့်ပြီး ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသူများကို အဆိုပါနေရာများ၌ ချက်ချင်း ထိုးနှံပေးခဲ့သည်။
စဉ့်ကူးမြို့နယ်အနေဖြင့် အသက်(၁၈)နှစ်ပြည့်ပြီး အကျုံးဝင်သူဦးရေ(၁၁၅၁၇၉)ဦးရှိရာ ယနေ့ အထိ (၆၇၅၀၃)ဦး ထိုးနှံနိုင်ခဲ့ကြောင်း သိရှိရသည်။
တင်ဇာလွင် (ပြန်/ဆက်)