မိုင်းဖြတ် သြဂုတ် ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် လူကုန် ကူးခံရသည့် အမျိုးသမီးငယ်သုံးဦးအား ၎င်းတို့၏လူနေမှုဘဝ ပြန်လည် ထူထောင် နိုင်ရေး အတွက် ယမန်နေ့ မွန်းတည့် ၁၂နာရီက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)တာချီလိတ်မှ ဒုရဲမှူး ဝင်းတင့်နှင့်တပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် တာဝန်ရှိသူများက အိမ်တိုင်ယာရောက် ထောက်ပံ့ပေး အပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ် (၁) တာချီလိတ်မှ ဒုရဲမှူး ဝင်းတင်၊ ရဲအုပ် လှဘုန်းနှင့် တပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်း ဦးစီး ဌာနမှ အငယ်တန်း စာရေး ဒေါ်မေမေခင်နှင့်တာဝန်ရှိသူများက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ရန်ပုံငွေမှ ထောက်ပံ့သည့် တစ်ဦး လျှင် ကျပ်ဆယ်သိန်းနှုန်းဖြင့် မြို့နယ်အတွင်းမှ လူကုန်ကူးခံရသည့် အမျိုး သမီးငယ် သုံးဦးအတွက် ကျပ်သိန်းသုံးဆယ်ကို အိမ်တိုင်ယာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ငွေများကို လူကုန်ကူးခံရသည့် အမျိုးသမီးငယ်များ၏ လူနေမှုဘဝ မြင့်မားရေးအတွက် ပြန်လည်ထူထောင်ရန်ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ၎င်းတို့၏ သဘောထားများအရ နွားမွေးမြူရေး လုပ်ငန်းလုပ်ကိုင်နိုင် ရန်အတွက် နွားများကိုလိုက်လံဝယ်ယူပေးခဲ့ပြီး ဒုရဲမှူးဝင်းတင်နှင့်တပ်ဖွဲ့ဝင်များက လိုအပ်ချက်များကို ကျေးရွာများအရောက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)