ရပ်စောက် ဩဂုတ် ၃၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု CERP အစီအစဉ်အရ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမျိုးစေ့ထုတ် လုပ်ငန်းအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က စိုက်ပျိုးရေး ဦးစီးဌာနတွင် ကျင်းပသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်ဝမ်းက မိုးစပါးမျိုးစေ့ထုတ် လုပ်ငန်းအတွက် ထောက်ပံ့ပေးအပ်ရခြင်း လုပ်ငန်းအကြောင်းအား ရှင်းလင်းပြောကြားသည်။
ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ စိုက်ပျိုးရေး ဦးစီးဌာနမှ အသိပညာပေးခြင်း၊ မျိုးစေ့ထုတ်လုပ်ငန်းအား ထောက်ပံ့ခြင်း၊ မျိုးစေ့ ထိန်းသိမ်းခြင်း၊ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ခြင်းနှင့် Home Garden ဆောင်ရွက်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ယခု မိုးစပါးမျိုးစေ့ထုတ် လုပ်ငန်းဆောင်ရွက်လျှက် ရှိသည့် တောင်သူများအား CERP အစီအစဉ်အရ မျိုးစေ့ထုတ်တစ်ဧကအတွက် မျိုးစေ့ဖိုး (၈၅ဝဝ)ကျပ်၊ စိုက်ပျိုးစရိတ် (၇၅ဝဝဝ)ကျပ်၊မျိုးကွဲ ပယ်ခြင်း(၅ဝဝဝဝ)ကျပ်နှင့် မျိုးစေ့သန့်စင် ခြင်း (၁၅ဝဝဝ)ကျပ် စုစုပေါင်း (၁၄၈၅ဝဝ)ကျပ်နှုန်း ကူညီ ထောက်ပံ့သွားမည်ဖြစ်ပြီး ပထမ အကြိမ်အနေဖြင့် မျိုးစေ့ဖိုးနှင့်စိုက်ပျိုးစရိတ်အား တစ်ဧကလျှင်(၈၃၅ဝဝ) ကျပ် ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်း ထောက်ပံ့ပေးအပ်ပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း ဆောင်ရွက်သော မျိုးစေ့ထုတ် သမအသင်း(၅)သင်းမှ အကျိုးဆောင်တောင်သူများအား ပထမ အကြိမ် (၂၄၇)ဧကအတွက် မျိုးစေ့ဖိုး (၂ဝ၉၉၅ဝဝ)ကျပ်နှင့် စိုက်ပျိုးစရိတ် (၁၈၅၂၅ဝဝဝ)ကျပ်၊ စုစုပေါင်း (၂ဝ၆၂၄၅ဝဝ)ကျပ်အား လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူတို့က မျိုးစေ့ထုတ် သမအသင်းများသို့ ခွဲဝေထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇော်ဝင်းလှိုင်(ပြန်/ဆက်)