ရမည်းသင်း မတ် ၁၅
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ကန်မြင့်ကျေးရွာတွင် ကြက်သွန်နီစိုက်ပျိုးသည့် အခင်းများထိ ပွဲစားများ လာရောက်ဝယ်ယူလျက်ရှိပြီး ကြက်သွန်နီဈေးကောင်းရရှိနိုင်ရေး တောင်သူများ မျှော်လင့်လျက် ရှိကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်သည် ရာသီပေါ်သီးနှံများ စိုက်ပျိုးမှုအားကောင်းသည့် မြို့နယ်ဖြစ်သကဲ့သို့ ယခုအခါ ကြက်သွန်နီများလည်း ပြန်လည်စိုက်ပျိုးနေကြပြီ ဖြစ်သည်။ တစ်ဧကခွဲခန့် ရှိသည့် ကြက်သွန်နီစိုက်ခင်း တစ်ခုအတွက် မျိုးစေ့ဖိုး၊ ရေပိုက်သွယ်တန်းခ၊ ဓာတ်မြေသြဇာဖိုး၊ ပိုးသတ်ဆေးဖိုး၊ အလုပ်သမားခများ တွက်ချက်လိုက်လျှင် စုစုပေါင်း (၁၅) သိန်းခန့် ကုန်ကျပြီး စတင်ပျိုးထောင်ရာမှ ပျိုးသက် တစ်လခွဲသား ရရှိလျှင် ကြက်သွန်စိုက်မည့်အခင်းသို့ ပြောင်းရွှေ့ စိုက်ပျိုးကြကာ စိုက်ပျိုးပြီး သုံးလကျော်အကြာတွင် တူးဖော် ရောင်းချနိုင်ပြီ ဖြစ်သည်။
ကြက်သွန်ထွက်ရှိမှု မြေအနေအထားနှင့် အပင်၏ သန်စွမ်းမှုအပေါ်မူတည်၍ အထွက်နှုန်း ကွာခြားမှု ရှိကြောင်း၊ ကျင်းနှင့်စိုက်ပျိုးနည်းမှာ ထွက်နှုန်းကို မှန်းဆနိုင်သော်လည်း ဘောင်နှင့် စိုက်ပျိုးနည်းမှာ ထွက်နှုန်းကို မှန်းဆ၍ မရနိုင်ကြောင်း၊ ယခုနှစ်တွင် ကြက်သွန်နီအစိုတစ်ပိဿာကို ၆၅၀ ကျပ် ရရှိပြီး လှောင်ထားသည့် ကြက်သွန်နီ များမှာ ၁၅၀၀ ကျပ် ရရှိကြောင်း၊ ကြက်သွန် စိုက်ပျိုးခင်းများအထိ အဝယ်လိုက်လာသည့်အတွက် တောင်သူများအနေဖြင့် ဈေးကောင်းရရန် မျှော်လင့်နေကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)