သထုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

သထုံ မတ် ၁၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတို့ ယမန်နေ့ နံနက်ပိုင်းက မြိုနယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ တွေ့ဆုံကာ ဒေသတွင်းလုံခြုံရေး၊ ဖွံ့ဖြိုးရေးနှင့် ဆီထွက်သီးနှံများ တိုးမြှင့်စိုက်ပျိုးရေး တို့အတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်က မြို့နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးနှင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးဆိုင်ရာများ၊ အကြမ်းဖက်ကိစ္စရပ်များ ဖြစ်ပွားမှု မရှိစေရေးအတွက် လုံခြုံရေးဆောင်ရွက်မည့် အစီအမံများ၊ ယခင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီး၍ (၆)လပြည့်ပြီးသည့် နိုင်ငံ့ဝန်ထမ်းများနှင့် (၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံနိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် အသိ‌ပေးနှိုးဆော်ရန်ကိစ္စရပ်များ၊ စိုက်ပျိုးစားရိတ်ချေးငွေများအား တောင်သူများမှ အမြန်ပြန်လည် ပေးဆပ်စေရေး တွန်းအားပေးဆောင်ရွက်ရန်နှင့် လျှပ်စစ်ဓါတ်အားခ‌ ကြွေးကျန်များ သတ်မှတ်ကာလအတွင်း အကျေပေးဆပ်ရန်အတွက် တွန်းအားပေး ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ မြင်းကောင်ရေ (၂၅)ကောင်အောက် စက်တပ်ရေယာဉ်များ မှတ်ပုံတင်လိုင်စင်လျှောက်‌ထားရေး ကိစ္စရပ်များ၊ ဒေသတွင်း စားသုံးဆီဖူလုံမှု ရာခိုင်နှုန်းတိုးတက်စေရေးအတွက် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နေကြာစိုက်ဧကများ မြင့်မားလာ‌အောင် တောင်သူများအား တွန်းအားပေး ကူညီဆောင်ရွက် နိုင်ရေး စသည်တို့ကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူတို့က ရပ်ကွက်နှင့် ကျေးရွာအလိုက် ဆောင်ရွက်နေသည့် အခြေအနေများ၊ အခက်အခဲများကို တင်ပြဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ သထုံမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သထုံမြိုနယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၅၄) အုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)