သထုံ မတ် ၁၅
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ငွေလုံးငွေရင်းရန်ပုံငွေ၊ ပြည်နယ်ဘတ်ဂျက်ဖြင့် တည်ဆောက်သည့် ဘူဒင်းချောင် ကျေးရွာနှင့် ထိန်ပင်ကျေးရွာချင်းဆက် ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ရာ ဆောင်ရွက် ပြီးစီးမှု အခြေအနေအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တို့ ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
သွားရောက်စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများတို့က သတ်မှတ် စံချိန်စံညွှန်း ပြည့်မီမှုအခြေအနေ၊ ခိုင်ခံ့မှုစသည့် အခြေအနေတို့ကို စစ်ဆေးရာ တင်ဒါအောင်မြင်ပြီး ဆောက်လုပ်နေသည့် ကုမ္ပဏီမှ တာဝန်ရှိသူက ရှင်းလင်းပြောကြာပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ရေရှည်တည်တံ့ရေးအတွက် သက်ဆိုင်ရွာကျေးရွာမှ တာဝန်ရှိသူများ ပြည်သူများအနေဖြင့် စနစ်တကျ အသုံးပြုကြခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါကွန်ကရစ်လမ်းမှာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၁/၂၀၂၂ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၀၈.၄ သန်းဖြင့် Royal Golden Thazin Co ,Ltd မှတင်ဒါအောင်မြင်၍ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းအရှည် ၁ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၇ လက်မရှိ ကွန်ကရစ်လမ်းဖြစ်ကာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သောကြောင့် ယခင်က သွားလာရန်ခက်ခဲသည့် ထိန်ပင်ကျေးရွာမှ ဘူဒင်းချောင်ကျေးရွာ၊ မရမ်းကုန်းကျေးရွာ သုဝဏ္ဏတီမြို့၊ သထုံမြို့တို့သို့ ဒေသထွက် စိုက်ပျိုးရေး သီးနှံများထုတ်ကုန်များတို့ကို ရာသီမရွေး ရောင်းဝယ်ဖောက်ကား သွားလာခြင်းဖြင့် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ကိုကိုဦး(ပြန်/ဆက်)