တွံတေးမြို့နယ်၌ ကျန်းမာရေးအဆင့်မြှင့်ကျောင်းများ ထူထောင်ရေး အသိပေးဆွေးနွေးပွဲ ပြုလုပ်

တွံတေး မတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီမှ ကျန်းမာရေးအဆင့်မြှင့် ကျောင်းများ ထူထောင်ရေး အသိပေးဆွေးနွေးပွဲကို ယမန်နေ့နေလည် ၁နာရီခွဲက တွံတေးမြို့ ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမ၌  ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ မျိုးဇော်လှတို့က အမှာစကားများပြောကြားပြီး မြို့နယ်ကျောင်း ကျန်းမာရေးဆရာဝန် ဒေါက်တာမိုးမိုးစံက ကျန်းမာရေး အဆင့်မြှင့်ကျောင်းများ ထူထောင်ရေးနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားရာတွင်  ကျောင်းကျန်းမာရေးဆိုသည်မှာ မိမိတတ်နိုင်သမျှ လူအင်အား၊၊ ပစ္စည်းအင်အားကို  ကိုအသုံးပြု၍ မိမိကျောင်းနှင့် ကျောင်းသား/ ကျောင်းသူ များ၊ ပညာရေး မိသားစုများ၊ ကျန်းမာရေးအဆင့်အတန်းကို အစဉ်အမြဲတိုးတက် မြင့်မားလာအောင် ဆောင်ရွက်နေကြသော ကျောင်းဖြစ်ပြီး ကျောင်းအခြေပြုကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်း၊  ကျောင်းတွင်းအာဟာရဖွံဖြိုးရေးနှင့် အစားအစာအန္တရာယ် ကင်းဝေးရေးလုပ်ငန်း၊ ရောဂါကာကွယ်ရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့် ကျောင်းမှပြည်သူအတွင်းသို့ မူမှန်လူနေမှုဘဝဟန်များ ရောက်ရှိရေးလုပ်ငန်း၊ နှစ်သိမ့်ပညာပေး ဆွေးနွေးခြင်းနှင့် လူမှုရေးပံပိုးမှုလုပ်ငန်း၊ သင်တန်းနှင့် သုတေသနလုပ်ငန်း၊ ကာယပညာနှင့် အားကစားလုပ်ငန်းများ အကြောင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

 ဆက်လက်၍ မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁) ဦးလှစိုးက သင်တန်းဖွင့်လှစ်မည့် အစီအစဉ်များ အားဆွေးနွေးခဲ့ကာ အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ကျောင်းကျန်းမာရေး ကော်မတီဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ တွံတေးမြို့နယ်ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တွံတေးသား